စပါး ၁-၀ ချယ်လ်ဆီး
လိဂ်ဖလား ဆီမီးဖိုင်နယ်ပ-ကျော့အဖြစ် ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ စပါးနဲ့ ချယ်လ်ဆီးပွဲမှာတော့ စပါးအသင်းက ဟာရီကိန်းရဲ့ ပယ်နယ်တီနဲ့အတူ (၁-၀)ဂိုးနဲ့အနိုင်ရပြီး ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။
နှစ်သင်းစလုံး လူစုံတက်စုံနဲ့ ပွဲထွက်ပြီး အကြိတ်အနယ်ကစားခဲ့တာကြောင့် ပွဲဟာ ကြည့်ကောင်းခဲ့ပါတယ်။
စပါးအသင်းဟာ ပွဲစကတည်းက ဦးဆောင်ဂိုးရဖို့ ဖိကစားခဲ့လို့ ချယ်လ်ဆီး အခက်တွေ့ခဲ့ပါတယ်။ ပွဲချိန် (၄)မိနစ်မှာ ဟာရီကိန်းရဲ့ နောက်ပြန်ကန်ချက်ကို ကယ်ပါကာကွယ်ခဲ့သလို၊ ပွဲချိန် (၆)မိနစ်မှာ အော်ဒွိုင်းရဲ့ ကန်ချက်ကိုလည်း စပါးဂိုးသမားဂက်ဇာနီဂါက ကာကွယ်နိုင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပြီး ပွဲချိန် မိနစ် (၂၀)မှာ ဟာဇက်ရဲ့ ဧရိယာအပြင်က ကန်ချက်ကို ဂက်ဇာနီဂါ ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် (၂၆)မိနစ်မှာတော့ ဟာရီကိန်းကို ချယ်လ်ဆီးဂိုးသမား ကယ်ပါ ဧရိယာ ဆွဲလှဲလို့ စပါးအသင်း ပယ်နယ်တီ ရခဲ့ပါတယ်။ ဒီပယ်နယ်တီဟာ VAR ကို ကြည့်ပြီးမှ ပေးခဲ့တာ ဖြစ်ပြီး ဟာရီကိန်းက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးတို့ ချေပဂိုးရဖို့ ပိုမိုတင်ကစားလာခဲ့ပါတယ်။ ဒါပေမဲ့ စပါးနောက်တန်းနဲ့ ဂိုးသမားကျော်နိုင်ခြင်း မရှိသလို စပါးအသင်းဘက်ကလည်း အခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။
ဒါကြောင့် ပွဲအပြီးမှာ စပါးအသင်းက (၁-၀)ဂိုးနဲ့ အနိုင်ရပြီး ဒု-ကျော့အတွက် အသာစီးရယူနိုင်ခဲ့ပါတယ်။
လိဂ်ဖလားဆီမီးဖိုင်နယ် ဒု-ကျော့ပွဲစဉ်ကို ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်မှာ ဇန်နဝါရီလ (၂၂)ရက်နေ့ ကစားမှာ ဖြစ်ပါတယ်။