၂၀၁၈ အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆာလာ ရရှိ

၂၀၁၈ အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆာလာ ရရှိ
Photo: Getty Images
Photo: Getty Images
Published 9 January 2019

 

လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဆာလာသည် ၂၀၁၈ ခုနှစ်အတွက် အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ကြောင်း သိရသည်။

အသက် (၂၆)နှစ်အရွယ်ရှိ အီဂျစ်တိုက်စစ်ကစားသမား ဆာလာသည် ဆီနီဂေါနိုင်ငံ၊ ဒါကာမြို့ ၌ ကျင်းပသည့် အဆိုပါဆုပွဲတွင် အာဆင်နယ်အသင်း၏ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်း၊ ၎င်း၏လီဗာပူးလ်အသင်းဖော်ဖြစ်သည့် ဆီနီဂေါတိုက်စစ်ကစားသမား မာနေတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရာသီ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံတွင် (၄၄)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို၊ ယခုရာသီ ပရီးမီးယားလိဂ်တွင် (၁၃)ဂိုးအထိ သွင်းယူထားသည့် ဆာလာသည် မဲ (၇၃)ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး အူဘာမီယန်း (၁၉ ရာခိုင်နှုန်း)နှင့် မာနေ (၈ ရာခိုင်နှုန်း)တို့ထက် မဲအပြတ်အသတ်အသာရကာ အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ 

ဆာလာသည် အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကလည်း ရယူနိုင်ခဲ့ရာ ဟာဒီဂျူ့ဖ်၊ အီတူးနှင့် ယာယာတိုရေးတို့ပြီးနောက် ယင်းဆုကို (၂)နှစ်ဆက်ရရှိသည့် စတုတ္ထမြောက်အာဖရိကကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

ဆာလာက "ဒီဆုက ကျွန်တော့်အတွက် အရမ်းအဓိပ္ပာယ်ရှိပါတယ်။ ဒါကြောင့် ဒီဆုကို ရရှိဖို့ ကျွန်တော် မျှော်လင့်ခဲ့ပါတယ်။ အခုတော့ ဒီဆုကို (၂)ကြိမ်တောင် ကျွန်တော် ရပြီးပါပြီ။ ဒီဆုကို အီဂျစ်နိုင်ငံအတွက် ကျွန်တော် ရည်ရွယ်ပါတယ်" ဟု ပြောကြားခဲ့သည်။