ပိုချက်တီနိုအနေဖြင့် ဆုဖလားများရရှိရန် လိုအပ်သလို ၄င်းလည်း ဖလားရရန် လိုအပ်ကြောင်း ဆာရီ ပြောကြား

ပိုချက်တီနိုအနေဖြင့် ဆုဖလားများရရှိရန် လိုအပ်သလို ၄င်းလည်း ဖလားရရန် လိုအပ်ကြောင်း ဆာရီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 8 January 2019

 

ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက စပါးအသင်းနည်းပြ ပိုချက်တီနိုအနေဖြင့် ဆုဖလားများဆွတ်ခူးနိုင်ရန် လိုအပ်သလို ၄င်းအနေဖြင့်လည်း ချန်ပီယံဆုများရယူနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ပိုချက်တီနိုသည် စပါးအသင်းကို ထိပ်တန်းအဆင့်သို့ ပို့ဆောင်ခဲ့နိုင်သော်လည်း ဆုဖလားဆွတ်ခူးနိုင်ခြင်းမရှိသေးသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသလို ဆာရီမှာလည်း နာပိုလီအသင်းကို ထိပ်တန်းအသင်းဖြစ်အောင် ပျိုးထောင်နိုင်ခဲ့သော်လည်း နည်းပြဘဝတွင် ဆုဖလားအောင်မြင်မှု မရရှိသေးကြောင်း သိရသည်။

ဆာရီက '' ပိုချက်တီနိုဟာ အလွန်တော်တဲ့ နည်းပြတစ်ဦးဆိုတာကို ကျွန်တော်သဘောတူပါတယ်။ ပြီးတော့ သူ့အနေနဲ့လည်း ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ လိုအပ်နေပြီဆိုတာကို ကျွန်တော် လက်ခံပါတယ်။ ကျွန်တော့်အတွက်လည်း အဲဒီလိုပဲလို့ ထင်ပါတယ်။  ပိုချက်တီနိုဟာ စပါးအသင်းကို လွန်ခဲ့တဲ့ (၄) နှစ်လောက်က စတင်ကိုင်တွယ်ခဲ့တာပါ။ ကျွန်တော်ကတော့ ချယ်လ်ဆီးအသင်းကိုရောက်တာ (၆) လပဲရှိပါသေးတယ်။ ဒီမှာ (အင်္ဂလန်) ပထမရာသီက လူတိုင်းအတွက် အလွန်ခက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပိုချက်တီနိုနဲ့ ကလော့ပ်တို့ဟာ အင်္ဂလန်မှာ နည်းပြနေတာ (၄) နှစ်ရှိပါပြီ။ ဒါပေမဲ့ သူတို့ ဆုဖလားမှ မရကြသေးပါဘူး။ မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း ပထမဆုံးရာသီမှာ ရုန်းကန်ခဲ့ရတာကို သိပြီးသားဖြစ်ကြမှာပါ။ အင်္ဂလန်မှာ အသင်းကောင်းတစ်သင်းတည်ဆောက်ဖို့ဆိုတာ အလွန်ခက်ပါတယ်။ အချိန်ယူတည်ဆောက်မှ အဆင်ပြေမှာပါ'' ဟုပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရမှတ် (၄၄) မှတ်ဖြင့် အဆင့် (၄) နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် (၁၀) မှတ်အထိ ကွာဟနေသည်။

သို့သော် ချယ်လ်ဆီးအသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် (၃၂) သင်းအဆင့်သို့ တက်ရောက်ထားပြီးဖြစ်သလို၊ FA ဖလားပြိုင်ပွဲတွင် စတုတ္ထအဆင့်နှင့် လိဂ်ဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့တွင် စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။