ပရီးမီးယားလိဂ်ရှုံးကြွေးကို FA ဖလားမှာ ပြန်ဆပ်ခဲ့တဲ့ ဝုလ်ဗ်

ပရီးမီးယားလိဂ်ရှုံးကြွေးကို FA ဖလားမှာ ပြန်ဆပ်ခဲ့တဲ့ ဝုလ်ဗ်
Photo : Daily Mail
Photo : Daily Mail
Published 8 January 2019

FA ဖလားရလဒ်

ဝုလ်ဗ် ၂-၁ လီဗာပူးလ်

အသင်းကြီးတွေနဲ့တွေ့ရင် မာထန်တဲ့ ခြေစွမ်းကို ပြသနေတဲ့ ဝုလ်ဗ်က ဒီပွဲမှာလည်း ပရီးမီးယားလိဂ်မှာ အရေးနိမ့်ခဲ့တဲ့ လီဗာပူးလ်ကို ရှုံးကြွေးဆပ်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တယ်။

လီဗာပူးလ်က အဓိက ကစားသမားအတော်များများကို အနားပေးခဲ့ပြီး အဓိက နောက်ခံလူဗန်ဒိုက်ကိုလည်း အရန်စာရင်းမှာတောင် အသုံးမပြုခဲ့ပါဘူး။

ဒါ့ကြောင့် လီဗာပူးလ်ခံစစ်ပိုင်း အခက်တွေ့ခဲ့တယ်လို့ ဆိုနိုင်ပြီး ပထမပိုင်း (၆)မိနစ်မှာပဲ နောက်ခံလူ လိုဗရန် ဒဏ်ရာရပြီး မကစားနိုင်တော့လို့လည်း ခံစစ်က ပိုမိုအားနည်းခဲ့တာပါ။

ဗဟိုနောက်ခံနေရာမှာ ကစားတဲ့ ဖာဘင်ညိုက သာမန်သာကစားနိုင်ပြီး ဝုလ်ဗ်အသင်းတိုက်စစ်ပိုင်းကိုလည်း မထိန်းချုပ်နိုင်ခဲ့ပါဘူး။

ဝုလ်ဗ်ကတော့  ဟီမင်နက်ဇ်၊ ယိုတာ၊ မော်တင်ညို၊ ရူဘင်နေးဗက်စ် စတဲ့ သူတို့ရဲ့ အဓိက ကစားသမားတွေကို အသုံးပြုသွားခဲ့ပြီး လီဗာပူးလ်အသင်းကို အကောင်းဆုံးခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်တွေမှာ ဝုလ်ဗ်အသင်းရဲ့ ဖိအားပေးထိုးဖောက်မှုတွေကိုသာ ပိုမိုမြင်တွေ့ခဲ့ရပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ ဖေမီနိုနဲ့ ဆာလာတို့ဝင်လာခဲ့ပေမယ့် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်း လိုအပ်တဲ့ အနိုင်ရလဒ်ကိုတော့ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဝုလ်ဗ်အသင်းအတွက်ဂိုးတွေကို ဟီမင်နက်ဇ်နဲ့ နေးဗက်စ်တို့က (၃၈)မိနစ်နဲ့ (၅၅)မိနစ်တွေမှာ သွင်းယူခဲ့ပြီး လီဗာပူးလ်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ (၅၁)မိနစ်မှာ အော်ရီဂီက သွင်းယူသွားခဲ့ပါတယ်။

 

 

Most Read

Most Recent