ရှမ်းပြည်နယ် မိုင်းပန်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် UWSA (တောင်ပိုင်း) ထိန်းချုပ်ဒေသသို့ တိမ်းရှောင်လာသည့် ပအိုဝ်းတိုင်းရင်းသား ၅၀၀ ကျော်ပြီ ဖြစ်ကာ ထပ်မံရောက်ရှိရန်ရှိသေးကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ပြောကြား

ရှမ်းပြည်နယ် မိုင်းပန်မြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် UWSA (တောင်ပိုင်း) ထိန်းချုပ်ဒေသသို့ တိမ်းရှောင်လာသည့် ပအိုဝ်းတိုင်းရင်းသား ၅၀၀ ကျော်ပြီ ဖြစ်ကာ ထပ်မံရောက်ရှိရန်ရှိသေးကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ပြောကြား
တိမ်းရှောင်လာသည့် ပအိုဝ်းတိုင်းရင်းသားများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်နေသည့် “၀” တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် 
တိမ်းရှောင်လာသည့် ပအိုဝ်းတိုင်းရင်းသားများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်နေသည့် “၀” တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် 
Published 8 January 2019
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် “၀” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)  တောင်ပိုင်း ထိန်းချုပ်ဒေသသို့ ထွက်ပြေး တိမ်းရှောင်နေကြသော ပအိုဝ်းတိုင်းရင်းသား ၅၀၀ ကျော်ပြီ ဖြစ်ကာ ထပ်မံရောက်ရှိရန် ရှိသေးကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောကြားသည်။

မိုင်းပန်မြို့နယ်တွင် လှုပ်ရှားနေကြသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကြား ၂၀၁၈  ခုနှစ် ဒီဇင်ဘာအတွင်းမှ စတင်ကာ တိုက်ပွဲများကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ မီးရှို့ခံရခြင်း၊ တိုက်ပွဲများကြား ပိတ်မိနေကြခြင်းနှင့် အသက်အန္တရာယ် စိုးရိမ်မှုများ ရှိလာသည့်အတွက် လုံခြုံမှုရှိသည့် နေရာများသို့ ထွက်ပြေး တိမ်းရှောင်ကြခြင်း ဖြစ်ကြောင်း သိရသည်။

“နောက်ထပ် ၄၀ လောက် ထပ်ရောက်လာတယ်။ တစ်ရက်ကို ငါးယောက်၊ ခြောက်ယောက်လောက် ရောက်လာနေတယ်။ မနေ့ကတော့ ၄၀ လောက် ရောက်တယ်။ အားလုံးပေါင်းဆိုရင် လူဦးရေ ၅၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ ခိုက်လုံမြို့နယ် ပင်းစားကျေးရွာမှာ နေရာချထားပေးပါတယ်။ ကျွန်တော်တို့ တပ်သားတွေနဲ့ ကျေးရွာသားတွေ နေထိုင်စားသောက်ဖို့အတွက် ပြင်ဆင်နေကြပါတယ်နော်။ သူတို့နေရပ် အမြန်တည်ငြိမ်အေးချမ်းဖို့ လိုအပ်ပါတယ်”ဟု ဦးညီရန်းက ပြောကြားသည်။

မိုင်းပန်မြို့နယ် ပန်ပီးဒေသခံ ပအိုဝ်းတိုင်းရင်းသားများသည် ဒီဇင်ဘာ ၂၄ ရက်မှ စတင် ထွက်ခွာလာကြပြီး သံလွင်မြစ် တစ်ဖက်ကမ်းရှိ တာဆွင်းညှိကူးတို့ဆိပ်မှ တစ်ဆင့် သံလွင်မြစ်ကို ဖြတ်ကျော်ကူးကာ တစ်ဖက်ရှိ “၀” တောင်ပိုင်း၊ ၁၇၁ စစ်ဒေသ ထိန်းချုပ်ရာ နယ်မြေတွင်းသို့ IDPs စစ်ဘေးရှောင်များအဖြစ် ခိုလှုံ ဝင်ရောက်လာရာ “၀” တောင်ပိုင်း ခိုက်လုံကျေးရွာတွင် ကောင်းမွန်စွာ နေရာချထားပေးထားကြောင်း “၀” အဖွဲ့၏ လားရှိုး ဆက်ဆံရေးရုံးမှ တာဝန်ခံဖြစ်သူ ဦးညီရန်း က ပြောကြားသည်။

အဆိုပါ “၀ တောင်ပိုင်း ခိုက်လုံဒေသသို့ ကနဦး ရောက်ရှိခဲ့သည့် ပအိုဝ်းတိုင်းရင်းသားများမှာ အသက် (၁၂ နှစ်) အောက် ကလေးသူငယ် ၉၄ ဦး အပါအဝင် အိမ်ထောင်စုပေါင်း ၆၂ စု၊ လူဦးရေ ၂၃၁ ဦး ဖြစ်သည်။

ထိုသို့ ပအိုဝ်းတိုင်းရင်းသားများ ထွက်ပြေးတိမ်းရှောင်မှုအပေါ် RCSS/SSA နှင့် PNLO ကြား အပြန်အလှန် စွပ်စွဲပြစ်တင်မှုများ ပြုလုပ်ထားသည်။

RCSS အဖွဲ့ပိုင် Taifreedom သတင်းဌာန၏ ဇန်နဝါရီ ၄ ရက် သတင်းဖော်ပြချက်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် ညနေပိုင်းတွင် နားမွန်ကျေးရွာအုပ်စု ပန်ပိကျေးရွာတွင်း လှုပ်ရှားလျက်ရှိသည့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တပ်ဖွဲ့ တာဝန်ခံများ၊ ကျေးရွာအုပ်စုတွင်းရှိ ပအိုဝ်းဒေသခံများအား အစည်းအဝေးခေါ်ယူ ပြီး PNLA တပ်ဖွဲ့အတွင်း စစ်မှုတာဝန် ထမ်းဆောင်ရန် စေခိုင်းခဲ့ကြောင်း၊ အကယ်၍ PNLA တပ်ဖွဲ့တွင်း စစ်မှုမထမ်းလိုပါက ရပ်ရွာမှ တခြားနေရာသို့ ရွှေ့ပြောင်းရမည်ဟု ပြောကြားခဲ့သောကြောင့် ဇန်နဝါရီ ၂ ရက်တွင် ပန်ပိကျေးရွာမှ သံလွင်မြစ် အရှေ့ဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံလူထု၏ သတင်းပေးပို့ချက်အရ သိရှိရသည်ဟု ဖော်ပြထားပြီး PNLA အား စွပ်စွဲထားသည်။

အလားတူ PNLO/PNLA  သတင်းနှင့် ပြန်ကြားရေးဌာနက ဇန်နဝါရီ ၄ ရက်တွင် သတင်းထုတ်ပြန်ရာတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က RCSS/SSA သည် မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု၊ နောင်ချိုရွာ၊ မိုက်ပုပ်ရွာ၊ ပန်ပိရွာများမှ ပအိုဝ်းရွာသူ၊ ရွာသားများကို ပန်မီကျောင်းတိုက်သို့ ဆင့်ခေါ်ပြီး ရွာမှ အတင်းအဓမ္မ စွန့်ခွာစေရန် ဖိအားပေး ခြိမ်းခြောက်ခဲ့ကြောင်း၊ အဆိုပါ ဒေသခံ ၃၀၀ ခန့်သည် မိမိဒေသတွင် ဆက်လက် မနေထိုင်ဝံ့တော့သဖြင့် တာဆွင်းညှိ ကူးတို့ဆိပ်ကမ်းမှ တစ်ဆင့် သံလွင်မြစ် အရှေ့ပိုင်းသို့ ဖြတ်ကူးကာ နေရပ်များ စွန့်ခွာထွက်ပြေး တိမ်းရှောင်နေလျက် ရှိကြောင်း၊ ယင်းကဲ့သို့ RCSS ၏ လုပ်ရပ်အား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပြီး RCSS အား ပြန်လည် စွပ်စွဲထားသည်။

 

Most Read

Most Recent