ဘင်္ဂါလီအရေး၊ ICC တင်ရန် ကြိုးပမ်းမှုနှင့် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ မမျှမတ ဆောင်ရွက်မှုများ

ဘင်္ဂါလီအရေး၊ ICC တင်ရန် ကြိုးပမ်းမှုနှင့် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ မမျှမတ ဆောင်ရွက်မှုများ
၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့တွင် ပြုလုပ်သည့် ရခိုင်အရေးနှင့်ပတ်သက်သော ကုလသမဂ ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမြင်ကွင်း (Photo: AFP)
၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့တွင် ပြုလုပ်သည့် ရခိုင်အရေးနှင့်ပတ်သက်သော ကုလသမဂ ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမြင်ကွင်း (Photo: AFP)
Published 31 December 2018

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီမွတ်စလင် အစွန်းရောက် အကြမ်းဖက် သမားများက ရဲစခန်းပေါင်း ၃၀ ခန့် နှင့် တပ်မတော်စခန်းတစ်ခုတို့ကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာတပ်မ တော်က စစ်ဆင်ရေးတစ်ရပ်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ယင်းဒေသတွင် နေထိုင်သော ဘင်္ဂါလီမွတ်စလင်အများအပြားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ကြပြီး အကြမ်းဖက်မှုများကြောင့် ရွာများ မီးရှို့ဖျက်ဆီးခံခဲ့ရကာ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းတပ်ဖွဲ့ဝင်များက လူသတ်မှုများနှင့် မုဒိမ်းမှုများကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။

ယင်းကဲ့သို့ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုမှ စတင်ကာ မြန်မာနိုင်ငံသည် နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်၍ အကျပ်အတည်းတစ်ရပ်အတွင်းသို့ ကျရောက် ခဲ့သည့်အပြင် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းထန်သော ဖိ အားပေးမှုများ ပြုလုပ်လာခဲ့သည်။

မြန်မာတပ်မတော်က စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ၎င်းတို့၏ စစ်ဆင်ရေးသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဒါဇင်ခန့်ကို သေဆုံးစေခဲ့သည့် သြဂုတ် ၂၅ ရက်က ဘင်္ဂါလီ မွတ်စလင်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဥပဒေအရသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)

ဧပြီ ၉ ရက်တွင် မမျှော်လင့်သော အဆိုပြုချက် တစ်ရပ်အဖြစ် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ တရားစွဲဆိုရေးအဖွဲ့ အကြီးအကဲ ဖာတူးဘင်ဆူဒါက “အဆက်မပြတ်ရရှိတဲ့ ယုံကြည်ရတဲ့ သတင်းတွေအရ မြန်မာနိုင်ငံမှာ ဥပဒေနဲ့အညီရှိနေတဲ့ ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) ၆၇၀,၀၀၀ ကျော်ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး ရည်ရွယ်ချက်ရှိရှိ နဲ့ နိုင်ငံတကာနယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်းထုတ်ခံရကြောင်း တွေ့ရှိရပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါအမျိုးသမီးက စွပ်စွဲထားသည့်မောင်းထုတ်မှုနှင့် ပတ်သက်၍ တရားရုံးက တရားစီရင်ခွင့်ရှိနိုင်သလားဟူသည်ကို တရားသူကြီးများက ဆုံးဖြတ်ပေးရန် တောင်းဆိုခဲ့သည်။

ဘင်္ဂါလီမွတ်စလင်အရေးကို အကြိုစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်မှာ ဘင်္ဂလားဒေ့ရှ်သည် ICC အဖွဲ့ဝင် ဖြစ်သော်လည်း  မြန်မာနိုင်ငံသည် ICc ၏ မဏ္ဍိုင်ဖြစ်သော Rome Statute ဟု ခေါ်ဆိုသည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်သကဲ့သို့ ICC အဖွဲ့ဝင်နိုင်ငံလည်း မဟုတ်သော ကြောင့် အမှုစစ်ဆေးရန်အတွက် ဥပဒေအရ ရှုပ်ထွေးမှုများရှိသည်။

၂၀၀၂ ခုနှစ်က သည်ဟိဂ်မြို့၌ ထူထောင်ထားသည့် ICC သည် စစ်ရာဇဝတ်မှုများကို စစ်ဆေးရန် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော အမြဲတမ်း တရားရုံးတစ်ခုဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံများ၏ တရားရုံးများက စစ်ဆေးရန် မလိုလားသော သို့မဟုတ် လုပ်ဆောင်နိုင်စွမ်းမရှိသော အမှုများကို စစ်ဆေးခဲ့ရာ လူမျိုးတုံး သတ်ဖြတ်မှုများအပါအဝင် အဆိုးရွားဆုံးအမှုများကို တရားစွဲဆိုခဲ့သည်။

ဘင်ဆူဒါက သူ၏ ရုံးအနေဖြင့် ယခုအခြေအနေရပ်များကို စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့်ရှိကြောင်း နှင့် ယင်းကဲ့သို့ လုပ်ရပ်မျိုးသည် ရောမသဘောတူညီချက်၏ ဥပဒေဆိုင်ရာ မူဘောင်များနှင့်လည်း ကိုက်ညီလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘင်ဆူဒါက အတင်းအဓမ္မ မောင်းထုတ်ခြင်းကို နယ်စပ်ဖြတ် ကျော်ပစ်ခတ်ခြင်းတစ်ရပ်နှင့် ခိုင်းနှိုင်းခဲ့ပြီး (နိုင်ငံတစ်နိုင်ငံက ပစ်ခတ်လိုက်သော) ကျည်ဆန်က (အခြား နိုင်ငံ တစ်နိုင်ငံ၌ မတ်တတ်ရပ်နေသော လူတစ်ဦးကို ထိမှန်ပြီး မသေစေမချင်း ပြစ်မှုက ပြီးပြည့်စုံမှုမရှိဟု ပြောကြားခဲ့သည်။ ဘင်ဆူဒါက သူ၏ တောင်းဆိုချက်နှင့် ပတ်သက်၍ စစ်ဆေးဆုံးဖြတ်မှုပြုလုပ်ရန် အထူး အဖွဲ့တစ်ရပ် ဖွဲ့စည်းရန် ICC ကို တောင်းဆိုခဲ့ပြီး ယင်းသည် မြန်ဆန်ထိရောက်သော ပုံစံမျိုး ဖြစ်ရမည်ဟု လည်း ဆိုသည်။

ထို့နောက် ယင်းကိစ္စအား စုံစမ်းစစ်ဆေးမှုတစ်ရပ်စတင်ရန် ခွင့်ပြု မပြု ကိစ္စကို ဆုံးဖြတ်ရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICc) မှ တရားသူကြီးများက ဇွန်လတွင် တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ICC ၏ ဥက္ကဋ္ဌတရားသူကြီး ပီတာကိုဘတ်စ်က မေ ၁၁ ရက်တွင် ကြေညာခဲ့သည်။ ဇွန် ၂၀ ရက်တွင် ICC ၏ ရှေ့နေချုပ် ဖာတူးဘင်ဆူဒါ သည် တရားသူကြီး သုံးဦးရှေ့မှောက်တွင် လာရောက် ဆွေးနွေးရမည်ဖြစ်ကြောင်း ပီတာကိုဘတ်စ်က ယင်းအမိန့်တွင် ပြောကြားထားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ICC အနေဖြင့် အဖွဲ့ဝင်နိုင်ငံများကိုပင် အရေးယူမှု ပြုလုပ်ခဲ့ခြင်းမရှိဘဲ အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် မြန်မာနိုင်ငံကို အရေးယူမည်ဆိုပါက လက်မခံကြောင်း မေ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက “နိုင်ငံတကာ သဘောတူညီချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ချမှတ်ထားတာရှိတယ်။ အဖွဲ့ဝင်နိုင်ငံတွေပေါ်မှာ သက်ရောက်မှုရှိတယ်။ နိုင်ငံတစ်နိုင်ငံက နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာဖို့ဆိုရင် နှစ်ဆင့်လုပ်ရတယ်။ Register လုပ်ရတယ်။ လက်မှတ်ထိုးရတယ်။ အဲဒါပြီးမှ အသက်ဝင်တာ။ လက်မှတ်မထိုးတဲ့ နိုင်ငံတွေကိုရော အသက်ဝင်လား ဆိုတော့ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံထဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဒုက္ခသည်တွေ ဝင်နေတယ်ဆိုရင် ကမ္ဘာမှာ ဆီးရီးယားနိုင်ငံတို့၊ ကင်ညာနိုင်ငံတို့မှာ ဖြစ်ခဲ့ဖူးတယ်။ အဲဒီနိုင်ငံတွေကိုရော ICC ကို ပို့ခဲ့ဖူးလား။ မပို့ခဲ့ဖူးပါဘူး။ ICC အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့နိုင်ငံတောင် အဲဒီလိုကိစ္စ မျိုးမှာ အရေးယူမှုမရှိခဲ့ဘူး။ မြန်မာနိုင်ငံကို လာလုပ်ရင်လက်မခံဘူး” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ “ဒါက ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ သက်ဆိုင်တယ်။ နိုင်ငံတိုင်းနိုင်ငံတိုင်းက ဘယ်နိုင်ငံမှ စော်ကားလို့မရဘူး။ ဒါက ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်မှာ ပါပြီးသား။ ဥပမာပြောရရင် အကြမ်းဖက်အဖွဲ့အစည်းက တိုက်သွားတယ်။ မြို၊ သက်၊ ရခိုင်လူ မျိုးတွေ သေတယ်။ ပြည်သူတွေ အ သတ်ခံရတယ်။ အဲဒီလိုဖြစ်လို့ ရဲတပ်ဖွဲ့နဲ့ ထိန်းရတယ်။ နောက်ဆုံးမှာ သမ္မတရုံးက အမိန့်ထုတ်ပြီး တပ်မတော်က ဝင်ကာရတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မရှိရင် အကုန်သေပြီ။ ဒီလိုအနေအထားမျိုးမှာ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ Right to Defence ဆိုတာ ရှိတယ်။ ကိုယ့်ရဲ့ ပြည်သူလူထုကို အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်တယ်။ ကာကွယ်ရမှာပဲ။ အဲဒီလို ကာကွယ်တဲ့အတွက် အပြစ်ရှိသလား။ အင်အားကို အလွန်အကျွံ သုံးတယ်။ အဓမ္မမှုတွေရှိတယ်ဆိုရင် အထောက်အထားတွေပေး။ အခုက သူတို့က ဘင်္ဂလားဒေ့ရှ်က Camp ကို သွားတယ်။ ဘင်္ဂါလီအမျိုးသမီးတွေကို မေးတယ်။ ပြောတဲ့ ဇာတ်ကြောင်း ပုံပြင်တွေပေါ့။ အဲဒါတွေကို အခြေခံပြီး စွပ်စွဲတယ်။ ရှိတယ်ဆို အထောက်အထားပေး။ ခိုင်မာတယ်။ ပြည့်စုံတယ်ဆိုရင် စစ်ဆေးမယ်။ စစ်ဆေးပြီး အရေးယူမှုတွေ လုပ်မယ်” ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။

သို့သော် ဇွန် ၂၁ ရက်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC မှ တရားသူကြီးများက ဘင်္ဂါလီမွတ် စလင်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ မောင်းထုတ်ခဲ့သည်ဟု စွပ်စွဲထားမှုကို ၎င်းတို့အနေဖြင့် ကြားနာစစ်ဆေးရန် စဉ်းစားနေသည့် တရားစွဲဆိုမှုဆိုင်ရာ တောင်းဆိုမှုတစ်ရပ်အား တုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံအား ဇူလိုင် ၂၇ ရက် နောက်ဆုံးထားပြီး အကြောင်းပြန်ရန် တောင်းဆိုခဲ့သည်။

စက်တင်ဘာ ၆ ရက်တွင် ဘင်္ဂါလီမွတ်စလင်များအား မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ မောင်းထုတ်ခဲ့သည်ဟု စွပ်စွဲမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံကို တရားစီရင်ပိုင်ခွင့်ရှိသည်ဟု ICC ၏ တရားခွင် အကြိုအစည်းအဝေးက မဲအများစုဖြင့် ဆုံးဖြတ်လိုက်ကြောင်း သည်ဟိတ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ပြောကြားခဲ့သည်။ ICC တရားသူကြီးများက ယင်းကဲ့သို့သော အကြိုစုံစမ်းစစ်ဆေးမှု တစ်ရပ်ကို သင့်တော်သည့် အချိန်ကာလတစ်ရပ်အတွင်း ကောက်ချက်ချပေးမည်ဟု ပြောကြားခဲ့သည်။

သို့သော် မြန်မာအစိုးရက မြန်မာနိုင်ငံကို တရားစွဲဆိုရန် ဥပဒေကြောင်းအရ ခိုင်မာသည့် အချက်အလက် အထောက်အထားမရှိကြောင်းနှင့်  ICC ၏ အရေးယူမှုကို ပယ်ချကြောင်း ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်၍ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးဖွယ်ရှိသည်ဟု ပြောကြားလျက် ICC တရားသူကြီး အများစု၏ မြန်မာနိုင်ငံအား အရေးယူရန် ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက စိတ်မကောင်းဖြစ်မိကြောင်းနှင့် ချွတ်ယွင်းချက်ရှိနေသော လုပ်ထုံးလုပ်နည်း၏ အကျိုးရလဒ်ဖြစ်သည့် ဆုံးဖြတ်ချက်နှင့် ဥပဒေကြောင်းအရ သံသယဖြစ်ဖွယ် ကောင်းသော ဆုံးဖြတ်ချက်ကို မြန်မာ အစိုးရက ပြတ်ပြတ်သားသားပယ်ချလိုက်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၁၈ ရက်တွင် လူသတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အတင်းအကျပ် နှင်ထုတ်ခြင်းများ အပါအဝင် ဘင်္ဂါလီ မွတ်စလင်များအပေါ် မြန်မာနိုင်ငံ၏ ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံး၏ ရှေ့နေ က အကြိုစုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီ ၇၀၀၀၀၀ ခန့် ထွက်ပြေးသွားစေခဲ့ရသည့် မြန်မာတပ်မတော်၏ ဖြိုခွင်းမှုကို အပြည့်အဝ စုံစမ်းစစ်ဆေးမည့် ဝရမ်းထုတ်ပေးရန် လုံလောက်သော သက်သေ အထောက်အထား ရှိ၊ မရှိ ရှေ့နေဖာတူးဘင်ဆူဒါက စုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။

ကုလသမဂ္ဂ၏ မမျှမတ ဆောင်ရွက်မှုများ

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အနေအထားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ယန်ဟီးလီက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ဖွယ်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ် မှုများအတွက် တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးလျက် တရားစွဲရန် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို ဇွန် ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။ သူက လူသားဆန်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုမြောက်နိုင်ဖွယ်ရှိသည့် မြန်မာလုံခြုံရေးတပ်များက ဘင်္ဂါလီမွတ်စလင်အသိုင်းအဝိုင်းအပေါ် ကျယ်ပြန့်စွာနှင့် စနစ်တကျ တိုက်ခိုက်ခဲ့မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်း ယုံကြည်ရသည့် သက်သေ အထောက်အထားများ ရှိသည်ဟု ပြောကြားခဲ့သည်။

သြဂုတ် ၂၇ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက ်အလက်ရှာဖွေရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ဘင်္ဂလီမွတ်စလင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ မောင်းထုတ်ခဲ့သော မြန်မာ တပ်မတော်၏ စစ်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်ခေါင်းဆောင်များ၌ တာဝန်ရှိကြောင်းနှင့် ၎င်းတို့အား ICC ၌ တရားစွဲဆိုနိုင်ရေးအတွက် လွှဲပြောင်းပေးသင့်ကြောင်း အကြံပြုခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ သြဂုတ် ၂၈ ရက်က လုံခြုံရေးကောင်စီ၌ ကျင်းပသော မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲတွင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ခဲ့သည်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာသည် နိုင်ငံတစ်ဝန်း စိတ်ဝမ်းကွဲမှုနှင့် အယုံအကြည်ကင်းမဲ့မှုကို ဖြစ်ပေါ်စေနိုင်ပြီး ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကိုပါ ထိခိုက်စေသည်ဟု တရားဝင်ကြေညာချက် ထုတ်ပြန်ကာ မြန်မာအစိုးရအဖွဲ့က တုံ့ပြန်သည်။

 

အစိုးရအနေဖြင့် ရှုပ်ထွေးလှသော စိန်ခေါ်မှုများကို ကြုံတွေ့နေရသည့်တိုင် မြန်မာပြည်သူတစ်ရပ်လုံးအတွက် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးတို့အတွက် အစိုးရ၏ သန္နိဋ္ဌာန်ချမှတ်ထားမှုကို မဆုတ်မနစ်ဘဲ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၆ ရက်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့သည်။ ကုလသမဂ္ဂ၏ကော်မတီက မြန်မာနိုင်ငံရှိ အခွင့်အရေးချိုးဖောက်မှုအားလုံးကို  ရှုတ်ချလိုက်ပြီး ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်ကိစ္စ အပါအဝင် ချိုးဖောက်မှုများကို လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန်နှင့် ကြိုးကိုင်ဆောင်ရွက်သူများအနေဖြင့် တာဝန်ခံမှုရှိစေရေး သေချာစေရန် တောင်းဆိုလိုက် ကြောင်း ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ၏ ယခုဆုံးဖြတ်ချက်ကို မြန်မာ၊ တရုတ်နှင့် ရုရှားတို့ အပြင် အခြားနိုင်ငံခုနစ်နိုင်ငံတို့က ကန့်ကွက်မဲပေးခဲ့ကြပြီး ဂျပန်အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံက မဲမပေးဘဲ နေခဲ့ကြသည်။ ယခုဆုံးဖြတ် ချက်ကို ဥရောပသမဂ္ဂ (EU) နှင့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တို့က ပူးတွဲရေးသားခဲ့ ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၄၂ နိုင်ငံက ထောက်ခံမဲပေးခဲ့သည်။ ယင်းကို OIC ကိုယ်စား ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် EU ကိုယ်စား သြစတြီးယားနိုင်ငံတို့က တင်သွင်းခဲ့ကြသည်။ အမေရိကန်၊ ကနေဒါ၊ သြစတြီးယားနှင့် မက္က ဆီကိုတို့ အပါအဝင်နိုင်ငံပေါင်း ၁၀၃ နိုင်ငံက ယခုဆုံးဖြတ်ချက်ကို ပူးတွဲထောက်ပံ့ခဲ့ကြသည်။ ဒီဇင်ဘာ ၂၂ ရက်တွင် ယင်းဆုံးဖြတ်ချက်ကိုပင် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံက ထောက်ခံမဲ အများစုဖြင့် မဲခွဲ ဆုံးဖြတ်အတည်ပြုခဲ့သည်။ ဆုံးဖြတ်ချက်မူကြမ်းအပေါ် ထောက်ခံမဲ ၁၃၆ မဲ၊ ကန့်ကွက်မဲရှစ်မဲ၊ ကြားနေ မဲ၂၂ မဲ ဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ် သည်။ ထောက်ခံမဲပေးသည့် နိုင်ငံများတွင် ဗြိတိန်၊ အမေရိကန် အစရှိသည့် နိုင်ငံများ ပါဝင်ပြီး ကန့်ကွက်မဲပေးသည့်အထဲ ရုရှား၊ တရုတ်၊ ဘီလာရုစ်၊ မြန်မာနှင့် အာဆီယံနိုင်ငံများထဲမှ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ပါဝင်သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံအရေးကို ဖိအားပေးရန် ရည်ရွယ်သည့် ယင်းဆုံးဖြတ်ချက်သည် တရားမျှတမှုမရှိသည့်အတွက် လိုက်နာရန်မရှိဟု ပြောဆိုခဲ့သည်။

Most Read

Most Recent