အဝေးကွင်းမှာ နိုင်ပွဲပြန်ရပြီး ဒုတိယနေရာကို ပြန်လည်တက်လှမ်းတဲ့ မန်စီးတီး

အဝေးကွင်းမှာ နိုင်ပွဲပြန်ရပြီး ဒုတိယနေရာကို ပြန်လည်တက်လှမ်းတဲ့ မန်စီးတီး
Action & BPI
Action & BPI
Published 30 December 2018

ဘန်လေ ၂-၀ ဝက်စ်ဟမ်း

ဆောက်သမ်တန် ၁-၃ မန်စီးတီး

ပရီးမီးယားလိဂ် ပွဲစဉ် (၂၀) ရဲ့ တနင်္ဂနွေညပွဲစဉ်မှာတော့ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ဆောက်သမ်တန်အသင်းကို (၃-၁) ဂိုးနဲ့အနိုင်ယူပြီး (၂) ပွဲဆက်ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့ကာ အမှတ်ပေးဇယား ဒုတိယနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့ (၇) မှတ်အထိကွာဟနေတဲ့အနေအထားကြောင့် ဖိအားများနေတဲ့ ဂွါဒီယိုလာဟာ ဒီနေ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်လာခဲ့ပြီး ပထမပိုင်းသွင်းဂိုး (၃) ဂိုးနဲ့အတူ အနိုင်ရခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ပွဲထွက်စာရင်းမှာ ဆာနေး၊ ဒီဘရိုင်းနားတို့မပါဝင်ခဲ့ဘဲ စတာလင်၊ အဂွဲရိုး၊ မာရက်ဇ်တို့နဲ့ တိုက်စစ်ကိုစုဖွဲ့ခဲ့သလို၊ လူငယ်နောက်ခံလူ ဇင်ချန်ကိုကိုလည်း ပွဲထွက်စာရင်းမှာအသုံးပြုခဲ့ပါတယ်။

ပွဲစကတည်းက မန်စီးတီးအသင်း ဖိဖိစီးစီးကစားခဲ့လို့ အခွင့်အရေးတွေရခဲ့ပြီး ပွဲချိန် (၁၀) မိနစ်မှာပဲ ဘာနာဒိုဆေးလ်ဗားရဲ့ပေးပို့မှုကနေ ဒေးဗစ်ဆေးလ်ဗားက အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးချိန်မှာ ဆောက်သမ်တန်အသင်း အားစိုက်ကစားလာခဲ့လို့ မန်စီးတီးအသင်းကို ယှဉ်ကစားလာနိုင်ပြီး ပွဲချိန် (၃၇) မိနစ်မှာတော့ မထင်မှတ်တဲ့အနေအထားကနေ ဟူးဘယက်က ဆောက်သမ်တန်အသင်းအတွက်ချေပဂိုးကို လှလှပပကန်သွင်းယူခဲ့ပါတယ်။

(၁-၁) ဂိုးအနေအထားမှာ မန်စီးတီးအသင်းဟာ ကစားကွက်ပိုစီးလာခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာပဲ နောက်ထပ်အနိုင်ဂိုးတွေရခဲ့တာပါ။

ပွဲချိန် (၄၅) မိနစ်မှာ ဝက်ဒ်ပရောက်က ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ မန်စီးတီးအသင်း ဦးဆောင်ဂိုးရခဲ့ပြီး၊ နောက်ထပ်(၃) မိနစ်အကြာ ထပ်ဆောင်းအချိန်ပိုမှာ ဇင်ချန်ကိုရဲ့ပေးပို့မှုကနေ အဂွဲရိုးက တတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်းမှာ (၃-၁) ဂိုးနဲ့အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်း ဒုတိယပိုင်းမှာလည်း ဂိုးတွေထပ်ရဖို့ကြိုးစားပေမယ့် အခွင့်အရေးတွေအသုံးမချနိုင်ခဲ့သလို ဆောက်သမ်တန်အသင်းရဲ့ ချေပဂိုးရဖို့ အားထုတ်မှုအချို့ကလည်း အရာမထင်ဖြစ်ခဲ့ပါတယ်။

ပွဲချိန် (၈၅) မိနစ်မှာ ဆောက်သမ်တန်အသင်းရဲ့ချေပဂိုးရှင် ဟူးဘယက် တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ မန်စီးတီးအသင်း ပိုဖိကစားခဲ့ပေမယ့် လက်ကျန်မိနစ်မှာတော့ ဂိုးရအောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဒါကြောင့်ပထမပိုင်းရလဒ်အတိုင်း (၃-၁) ဂိုးနဲ့မန်စီးတီးအနိုင်ရခဲ့ပြီး စပါးအသင်းကို (၂) မှတ်အသာနဲ့ ကျော်တက်ပြီး ဒုတိယနေရာရောက်ရှိကာ ၂၀၁၈ ကိုနှုတ်ဆက်ခဲ့ပါတယ်။

Most Read

Most Recent