အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရတဲ့ စပါး

အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရတဲ့ စပါး
Photo: AFP/Getty Images
Photo: AFP/Getty Images
Published 29 December 2018

 

■ စပါး ၁-၃ ဝုလ်ဗ်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) စနေညပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါးအသင်းနဲ့ ဝုလ်ဗ်အသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်စပါးအသင်းဟာ အိမ်ကွင်းမှာ (၁-၃) ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး (၅) ပွဲဆက်နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး (၂) ပွဲမှာ (၁၁) ဂိုးသွင်းယူထားပြီး ချန်ပီယံဆုအတွက်ယုံကြည်မှုရှိတယ်လို့ ကြုံးဝါးထားတဲ့စပါးအသင်းအတွက်တော့ မထင်မှတ်တဲ့ရလဒ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဒီရာသီမှာ အသင်းကြီးတွေနဲ့ တွေ့ဆုံတိုင်းအခက်တွေ့စေတဲ့ ဝုလ်ဗ်အသင်းအတွက်တော့ နောက်ထပ်ချိုမြိန်တဲ့အောင်ပွဲဖြစ်ခဲ့ပြီး ချန်ပီယံပြေးလမ်းထက်မှာ အရှိန်အဟုန်ကောင်းလာတဲ့ စပါးကို ထပ်ပြီးရပ်တန့်စေခဲ့တာပါ။

ပိုချက်တီနိုဟာ ယုံကြည်မှုရနေတဲ့ လူစာရင်းဖြစ်တဲ့ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ အဲရစ်ဆင်၊ အယ်လီ၊ ဟာရီဝင့်ခ ်စတဲ့ကစားသမားတွေအပါအဝင် အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့သလို၊ ဝုလ်ဗ်အသင်းကလည်း အဝေးကွင်းပေမယ့် ခံစစ် (၃) ယောက်သာထားပြီး (၃-၄-၃) ပုံစံနဲ့ အိမ်ရှင်ကို အကောင်းဆုံးတုံ့ပြန်ခဲ့တာပါ။

ပွဲစတာနဲ့စပါးအသင်း ဝုလ်ဗ်အသင်းကို ကစားကွက်စီးဖို့ကြိုးစားခဲ့ပြီး အဲရစ်ဆင်ရဲ့အဝေးကန်ချက်အပါအဝင် ဂိုးရနိုင်တဲ့အခွင့်အရေးကောင်းတွေရခဲ့ပါတယ်။ 

ပွဲချိန် (၂၂) မိနစ်မှာပဲ စပါးအသင်းဦးဆောင်ဂိုးရခဲ့ပြီး ဟာရီကိန်းက ဂိုးဧရိယာအပြင်ကလှလှပပကန်သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ ဟာရီကိန်းအတွက် ပရီးမီးယားလိဂ်နောက်ဆုံး (၁၂) ပွဲမှာ (၁၂) ဂိုးမြောက်တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှုဖြစ်ပြီး (၁၁) ဂိုးသွင်း၊ (၁) ဂိုးဖန်တီးခဲ့တာပါ။

ပထမပိုင်းမှာ စပါးအသင်း သိသိသာသာအသာစီးခဲ့သလို ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် တိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန်ဒုတိယပိုင်းမှာတော့ ဝုလ်ဗ်အသင်းဟာ ကွင်းလယ်နဲ့တိုက်စစ်ပိုင်းကိုအပြောင်းအလဲတွေလုပ်ခဲ့ပြီး ဟယ်ဒါကော်စတာ၊ မော်တင်ဟိုတို့ဝင်လာပြီးချိန်မှာ ကစားအားပိုကောင်းလာခဲ့လို့ ပွဲကအကြိတ်အနယ်ရှိလာခဲ့ပါတယ်။

ဝုလ်ဗ်အသင်းဟာ လျှင်မြန်တဲ့တန်ပြန်တိုက်စစ်တွေကနေ စပါးအသင်းဘက်ကို ထရစပ်ဖိအားပေးလာခဲ့ပြီး အခွင့်အရေးတွေလည်းရလာခဲ့ပါတယ်။

ဝုလ်ဗ်အသင်းအတွက်ချေပဂိုးကို ပွဲချိန်(၇၂) မိနစ်မှာ ဘိုလီကသွင်းယူပေးခဲ့ပြီး၊ ချေပဂိုးရပြီးချိန်မှာ ဝုလ်ဗ်အသင်းရဲ့ကစားအားနဲ့ အရှိန်ပိုကောင်းလာခဲ့လို့ စပါးအသင်းကစားကွက်တည်ဖို့ခက်ခဲ့ပါတယ်။

(၈၃) မိနစ်မှာပဲ ဝုလ်ဗ်အသင်းဦးဆောင်ဂိုးရသွားခဲ့ပြီး ဟီမင်နက်ဇ်ကသွင်းယူပေးခဲ့တာပါ။ ချေပဂိုးရော၊ ဦးဆောင်ဂိုးပါပေးလိုက်ရချိန်မှာ စပါးအသင်းပိုဖိအားများခဲ့လို့ ဝုလ်ဗ်အသင်းကပဲ ဆက်တိုက်ဆိုသလိုဖိကစားခဲ့ပါတယ်။

နောက်ထပ် (၄) မိနစ်အကြာ (၈၇) မိနစ်မှာပဲ ဝုလ်ဗ်အသင်းတတိယဂိုးရသွားခဲ့ပြီး တန်ပြန်တိုက်စစ်ကတစ်ဆင့် ဟယ်ဒါကော်စတာက ဆွဲပြေးပြီး စပါးနောက်ခံလူဖိအားပေးနေတဲ့ကြားက လိုရစ်ရဲ့ညာဘက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာပါ။

ပွဲအပြီးမှာတော့ ဝုလ်ဗ်အသင်းက (၃-၁) ဂိုးနဲ့အနိုင်ရခဲ့ပြီး ပထမအကျော့အိမ်ကွင်းရှုံးကြွေးကို လှလှပပပြန်ဆပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် စပါးအသင်းဟာ လီဗာပူးလ်အသင်းပွဲစဉ်မတိုင်ခင် (၁) ပွဲပို (၆) မှတ်ကွာအနေအထားဖြစ်သွားခဲ့ပြီး ချန်ပီယံဆုအတွက်ယုံကြည်မှုရှိနေတယ်ဆိုတဲ့ နည်းပြပိုချက်တီနိုအတွက်လည်း ဖိအားများသွားစေခဲ့ပါတယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ဘရိုက်တန် ၁-၀ အဲဗာတန်

ဖူလ်ဟမ် ၁-၀ ဟတ်ဒါဖီးလ်

လက်စတာ ၀-၁ ကာဒစ်ဖ်

စပါး ၁-၃ ဝုလ်ဗ်

ဝက်ဖို့ဒ် ၁-၁ နယူးကာဆယ်

စီးရီးအေ

ဂျူဗင်တပ်စ် ၂-၁ ဆမ်ဒိုးရီးယား

ချီယေဗို ၁-၀ ဖရိုဆီနိုနီ

အမ်ပိုလီ ၀-၁ အင်တာမီလန်

ဂျီနိုအာ ၀-၀ ဖီအိုရင်တီးနား

လာဇီယို ၁-၁ တိုရီနို

ပါးမား ၀-၂ ရိုးမား

ဆာဆူအိုလို ၂-၆ အတ္တလန်တာ

လိဂ်ချန်ပီယံရှစ်

ဘာမင်ဂမ် ၀-၀ ဘရန့်ဖို့ဒ်

ဘော်လ်တန် ၀-၀ စတုတ်စီးတီး

ဘရစ္စတိုးလ်စီးတီး ၁-၀ ရော့သာဟမ်

လိဒ်စ် ၀-၂ ဟားလ်စီးတီး

မစ်ဒယ်ဘရော့ ၂-၀ အစ်ဝစ်ချ်

မီဝေါလ် ၁-၀ နော်တင်ဟမ်

နောဝစ်ချ် ၃-၄ ဒါဘီ

ပရက်စတန် ၁-၁ အက်စတွန်ဗီလာ

QPR ၀-၀ ရက်ဒင်း

ရှက်ဖီးယူနိုက်တက် ၃-၀ ဘလက်ဘန်း

ဆွမ်ဆီး ၂-၂ ဝီဂန်

ဝက်စ်ဘရွန်း ၁-၁ ရှက်ဖီးဝင်းစ်ဒေး

Most Read

Most Recent