နှစ်တစ်နှစ်ကို အဆုံးသတ်ခြင်း

နှစ်တစ်နှစ်ကို အဆုံးသတ်ခြင်း
Published 29 December 2018

နှစ်တစ်နှစ်၏ အဆုံးသတ်သည် ခါးသက်ချိုမြိန်နိုင်၏။ အဟောင်းများ နိဂုံးကမ္ပတ် အဆုံးသတ်သွားပြီး အသစ်တစ်စုံတစ်ရာ စတင်သည့် ဒွိသဘောကို ဆောင်သည်။ မိမိတို့၏ ရယူအောင်မြင်ခဲ့မှုများနှင့် ကျရှုံးမှုများအပေါ် အလေးအနက် အာရုံစိုက်စေကာ မိမိတို့အနေဖြင့် နှစ်တစ်နှစ်ကို မည်သို့မည်ပုံ ကုန်ဆုံးစေခဲ့သနည်းဟူသည်ကို ပြန်ပြောင်း ဆင်ခြင်ရန် တွန်းပို့၍ နေလေသည်။ ၂၀၁၈ ခုနှစ်ကို နှုတ်ဆက်၍ ၂၀၁၉ ခုနှစ်ကို ကြိုဆိုရန် အကြံပြုချက်ငါးရပ်ကို ဖော်ပြလိုပါသည်။

(၁) ရှေ့သွား၊ နောက်ကြည့် - “စစ်ဆေးမှုမရှိသည့်ဘဝသည် နေထိုင်ရန် မထိုက်တန်” ဟု ဆိုကရေးတီးက ဆိုသည်။ ယခုကဲ့သို့ နှစ်တစ်နှစ်ကုန်ဆုံးသည့် အထူးအချိန်အခါ ကာလ၌ ဘဝအတွင်း မိမိတို့ လက်ရှိရောက်ရှိနေသည့်နေရာကို မိမိတို့အားတွန်းပို့ခဲ့သည့် အဖြစ်အပျက်များနှင့် ရွေးချယ်မှုများကို အလေးအနက် စဉ်းစားရန်လိုသည်။ မိမိတို့အနေဖြင့် ပိုမိုကောင်းမွန်အောင် လုပ်နိုင်ခဲ့မည့် တစ်စုံတစ်ရာ မရှိနိုင်ဘူးလား။ မိမိတို့အနေဖြင့် စွန့်လွှတ်လိုက်သင့်သော မိမိတို့ကိုယ်တိုင်အား ပြန်၍ဖျက်ဆီးနေသည့် အလေ့အထများ ရှိနေသလား။ ယင်းကဲ့သို့ လည်ပြန်ကြည့်သည့်အခါ မိမိတို့၏ လုပ်ရပ်များနှင့်ပတ်သက်၍ ပြန်လည်သိမြင်ကာ သင်ခန်းစာ ယူနိုင်ပေလိမ့်မည်။ စွန့်လွှတ်ခွဲခွာလိုက်သင့်သော အချို့သော အနေအထားများ၊ အချို့သော လူများ၊ အချို့သော ပုံစံများကိုလည်း သတိပြုမိရန် အထောက်အကူပြုစေသည်။

(၂) အောင်မြင်မှုများကို ကောက်နုတ်စဉ်းစား - တိုးတက်ရန်လမ်းစများကို မှန်းမျှော်ကြည့်ခြင်းသည် ကောင်းမွန်သည့်အရာဖြစ်သော်လည်း မိမိတို့ ကောင်းမွန်စွာ လုပ်နိုင်ခဲ့သည့်အရာများအတွက် မိမိကိုယ်မိမိ အားပေးခြင်းမှာ မှားယွင်းသည့်အရာ မဟုတ်ပါ။ မိမိအနေဖြင့် ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့သည့် အရာများအတွက် အောင်မြင်မှုသည် သေးဖွဲ၍နေပါစေ၊ ယင်းကို ပြန်လည်စဉ်းစားခြင်းက အားသစ်အင်သစ်ကို ဖြစ်စေသည်။

(၃) မိမိကိုယ်မိမိ ခွင့်လွှတ် - ကျရှုံးခဲ့သည်ဟု မိမိအနေဖြင့် သတ်မှတ်ခဲ့သည့် အရာများအတွက် မိမိကိုယ်မိမိ ပြန်၍အပြစ်တင်ရန်မှာ လွယ်ကူလွန်းလှပေစွ။ မျှော်လင့်ထားသည့်အရာများ ဖြစ်မလာခြင်းမျိုး၊ မိမိရည်မှန်းထားသည်များကို ရယူရန် အားထုတ်မှု မလုံလောက်ခဲ့ခြင်းမျိုးတို့အား ခံစားရနိုင်သည်။ လူတိုင်းသည် အမှားနှင့် မကင်းနိုင်သည် သာဖြစ်၏။ အခြားသူများ၌ မပြည့်စုံမှုများရှိသော်လည်း ထိုသူတို့အား ချစ်ခင်ကာ ခွင့်လွှတ်ခဲ့သည့်နည်းတူ မိမိကိုယ်မိမိလည်း အမှားများနှင့် အပြစ်အနာအဆာများရှိသည့်တိုင် ချစ်ခင်ခွင့်လွှတ်ရမည်သာ ဖြစ်သည်။

(၄) ကျေးဇူးတင် - ကုန်ဆုံးခဲ့သည့် နှစ်အတွက် ကျေးဇူးတင်ထိုက်သည်များကို စာရင်းပြုစုပါ။ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် တစ်ဝိုင်းတည်းထိုင်လျက် မိမိဘဝ၌ ထိုသူများရှိခြင်းအား မိမိအတွက် ကံကောင်းသည်ဟု ခံစားရပုံကို ၎င်းတို့အား အသိပေးပါလေ။ ကျေးဇူးတင်တတ်မှု အလေ့အထသည် လေ့ကျင့်ခန်းလုပ်ရန် ကြွက်သားများ လိုအပ်သကဲ့သို့ပင်ဖြစ်သည်။ ဘဝ၌ ကျေးဇူးတင်ထိုက်သည်များကို ပို၍အာရုံစိုက်လေလေ မိမိအနားတစ်ဝိုက်၌ ကျေးဇူးပြုမည့်အရာများ ပေါများလှကြောင်း သတိပြုမိလေလေ ဖြစ်သည်။

(၅) ပျော်ရွှင်မှုဖြင့် ကခုန် - နှစ်တစ်နှစ်ကုန်ဆုံးချိန်၌ မိမိသည် အသက်ရှင်လျက်သားရှိသည့်အပြင် အနာဂတ်သည် မိမိ၏ ရှေ့မှောက်၌ တောက်ပလျက်ရှိသည်ဟူသည့် အတွေးက ကခုန်ချင်လောက်အောင် ပျော်ရွှင်မှုကို ဖြစ်စေလိမ့်မည်။ ၂၀၁၈ ခုနှစ်၌ နေထိုင်ခဲ့သည့် ရက်ပေါင်း ၃၆၅ ရက်အတွက် ပျော်ရွှင်လိုက်ပါ။ မိမိ၏ရှေ့မှောက်သို့ အသစ်ရောက်ရှိလာမည့် ရက်ပေါင်း ၃၆၅ ရက်အတွက်လည်း ပျော်ရွှင်သင့်သည်သာ။

မည်သို့ပင်ဖြစ်စေ ဖွင့်ဖောက်ရခြင်းမရှိသေးသည့် လက်ဆောင်ထုပ်တစ်ခုကဲ့သို့သော လာမည့် ၃၆၅ ရက်အား လက်ကမ်းကြိုဆိုလိုက်ခြင်းဖြင့် ပျော်ရွှင်နိုင်ကြပါစေကြောင်း The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

(ဒီဇင်ဘာ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent