နိုင်ငံရေးသမားနှင့် ပညာရေး

နိုင်ငံရေးသမားနှင့် ပညာရေး
Published 29 December 2018

ပညာရေးသည် လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးကို ရုပ်ပိုင်းဆိုင်ရာ အရသာမက စိတ်ပိုင်းဆိုင်ရာအရပါ ဖွံ့ဖြိုးလာစေနိုင်သည်။ ပညာတတ်တစ်ဦးသည် အကြောင်းအရာ တစ်ရပ်ကို ရှုထောင့်အမျိုးမျိုးမှ ရှုမြင်နိုင်သည်။ နိုင်ငံရေးသမား တစ်ဦးသည် လူ့အသိုင်းအဝိုင်း တစ်ရပ်၏ ကြီးမားလှသောအပိုင်းကို ထိန်းချုပ်ရသူ ဖြစ်သည်။ ထို့ကြောင့် ၎င်းအနေဖြင့် သာမန်ထက် ထူးကဲသော ကျွမ်းကျင်မှုအချို့ လိုအပ်ပြီး ပထမဆုံးအချက် အနေဖြင့် သူ့အား သာမန်လူများမှနေ၍ ကွဲပြားစေနိုင်သည်မှာ သူ၏ ပညာအရည်အချင်း ဖြစ်သည်။ ပညာရေးသည် နိုင်ငံရေးသမားတစ်ဦး၏ ဆက်သွယ် ဆောင်ရွက်ရေးနှင့် စကားပြောခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုလည်း တိုးတက်စေနိုင်သည်။ နိုင်ငံရေးသမား တစ်ဦးသည် လူမှုအသိုင်းအဝိုင်းဝင် တစ်ဦးဖြစ်ပြီး ပြည်သူများနှင့် အပြန်အလှန် အကြိမ်ကြိမ် ထိတွေ့ဆက်ဆံနေရသည်။ ထို့ကြောင့် ၎င်းအနေဖြင့် စကားပြောဆိုမှုများနှင့် အမူအကျင့်များ၌ ရင့်ကျက်ပြီး စဉ်းစားချင့်ချိန်တတ်ရန် လိုအပ်သည်။ 

ယင်းကဲ့သို့သော အရည်အချင်းများ ရရှိလာရန်မှာ စနစ်ကျသော ပညာရေးအားဖြင့်သာ ဖြစ်နိုင်၏။ နိုင်ငံရေးသမား တစ်ဦးသည် နိုင်ငံတစ်နိုင်ငံ၏ ကိုယ်စားလှယ်ဖြစ်ပြီး အဘက်ဘက်က ပြည့်စုံသူတစ်ဦး ဖြစ်သင့်သည်။ လူတစ်ဦးအား အရည်အချင်း အကြီးအကျယ် ပြည့်စုံအောင် ပြုလုပ်ရာ၌ ပညာရေးက အရေးပါလှသည်။ ယင်းနေရာ၌ ၎င်းတို့အနေဖြင့် သက်ဆိုင်ရာ ပညာရပ်နယ်ပယ်တွင် ဘွဲ့ဒီဂရီများ ရရှိထားရမည်ဟု မဆိုလိုပါ။ သို့သော် သိမှုကျယ်ပြောခြင်းက များစွာ အထောက်အကူ ပြုစေနိုင်သည်။ နိုင်ငံရေးသမားတို့သည် သိသင့်သိထိုက်သော အရာများကို သိရှိနိုင်သည့်၊ ဥပဒေကို နားလည်သည့် အနိမ့်ဆုံး ပညာအရည်အချင်း ရှိရမည် ဖြစ်သည်။ 

တရားဝင် ပညာရေး မြင့်မားစွာမရှိခဲ့သူများနှင့် ပတ်သက်၍ အီဘရာဟင်လင်ကွန်း ကဲ့သို့သော နိုင်ငံရေးသမားများသည် နမူနာတစ်ရပ် ဖြစ်သည်။ တရားဝင်ပညာရေး မြင့်မားစွာ ရရှိခဲ့ခြင်း မရှိသည့် ကြီးမြတ်သည့် ခေါင်းဆောင်ကောင်းများ ရှိခဲ့ဖူးသည်မှာ မှန်ကန်ပါသည်။ သို့သော် ယင်းကဲ့သို့သော အဖိုးတန်ပုဂ္ဂိုလ်များမှာ ရှားပါးလှပါဘိခြင်း။ ယင်း၌ ဘဝတစ်ခုလုံး မြှုပ်နှံလုပ်ကိုင်ခဲ့မှုက မရှိမဖြစ် အရေးပါသည်။ ပုံမှန်အားဖြင့် ပညာတတ်ပုဂ္ဂိုလ်များသည်သာ ပညာမတတ်သူများထက် နိုင်ငံရေးသမားတစ်ဦးအဖြစ် လုပ်ကိုင်ရန် ပို၍ဖြစ်သင့်သည်။ 

ပညာရေးဟူသည် လူသားတို့အား ပို၍လူဆန်စေရန် ပြုလုပ်ပေးပြီး မိမိနိုင်ငံ၏ အကြောင်းများစွာ သင်ကြားပေးနိုင်သည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ ပညာရေးက လူတို့အား ထိရောက်သော ဆက်သွယ် ဆောင်ရွက်မှုမှတစ်ဆင့် မိမိအရည်အချင်းကို မည်သို့မည်ပုံ ဖော်ထုတ်ပြသရမည်ကို သင်ကြားပေးသည်။ ဥပမာအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန်နှင့် ယင်းကို ကောင်းစွာ နားလည်စေရန် လည်းကောင်း၊ အစိုးရအဖွဲ့ လုပ်ငန်းစဉ်များကို နားလည် သဘောပေါက် လုပ်ဆောင်နိုင်ရန် လည်းကောင်း အဓိကအချက်မှာ ပညာကောင်းစွာ တတ်ထားရန်ပင် ဖြစ်သည်။ ယခင်က နိုင်ငံခေါင်းဆောင်အချို့ ပညာကို မြင့်မားစွာ တတ်မြောက်ခဲ့ခြင်း မရှိသကဲ့သို့ ယခုခေတ်၌လည်း တွေ့မြင်နေရဆဲ ဖြစ်သည်။ အသိပညာ၏ အခြေခံအုတ်မြစ် အချို့သည် လူတို့အတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပြီး ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြင့်မားစေသည်။ 

မည်သို့ပင် ဆိုစေကာမူ နိုင်ငံရေးသမား တစ်ဦးအနေဖြင့် နိုင်ငံဖွံ့ဖြိုးရေးအတွက် ၎င်းတို့ ဆောင်ရွက်သမျှ လုပ်ရပ်တိုင်း၌ ခေါင်းဆောင်မှု အရည်အသွေး၊ စကားပြောရာတွင် လိုအပ်သည့် သြဇာ၊ အမြော်အမြင်၊ သမာဓိ၊ တော်တည့်မှန်ကန်မှု၊ ဖြောင့်မတ်မှုနှင့် ရိုးသားမှု အစရှိသည်တို့ လိုအပ်ပြီး ၎င်းတို့ကို စနစ်ကျသည့်  ပညာရေးစနစ်ကသာ ကောင်းစွာ သင်ကြားပေးနိုင်မည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent