ယနေ့တွင် စီးရီးအေပွဲစဉ်(၁၀)ပွဲရှိပါသည်။
လာဇီယို နှင့် ကာဂလီယာရီ (စနေည ၆းဝ၀ နာရီ)
အီမိုဘီလီရပ်တန့်သွားတာနဲ့ လာဇီယို အောင်ပွဲတွေ တိတ်ဆိတ်နေရတယ်။ စီးရီးအေ (၅)ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားတဲ့ အခြေအနေဆိုးကို လာဇီယို ရပ်တန့်ချင်နေမှာပဲ။ ဥရောပပွဲတွေ မလာမီ စီးရီးအေကို လာဇီယို အာရုံပြန်စိုက်ရပါမယ်။ အဝေးကွင်းနောက်ဆုံး (၆)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ကာဂလီယာရီနဲ့ ဆုံတွေ့ချိန်မှာ လာဇီယို အမှားအယွင်းဖြစ်ဦးမယ်မထင်ဘူး။ လာဇီယို (၂)ဂိုးပြတ်နိုင်မယ်ထင်တယ်။
အမ်ပိုလီ နှင့် ဆမ်ဒိုးရီးယား (စနေည ၈း၃၀ နာရီ)
အဆင့် (၁၆)မှာသာ ရပ်တည်နေပေမယ့် အမ်ပိုလီရဲ့ စုဖွဲ့မှုက အိမ်ကွင်းမှာ ဆမ်ဒိုးရီးယားကို ဒုက္ခပေးသွားနိုင်ပါတယ်။ ဆမ်ဒိုးရီးယားကလည်း အဝေးကွင်း(၄)ပွဲဆက် နိုင်ပွဲပျောက် ထားလို့ အမ်ပိုလီ အမှတ်ရဖို့များပါတယ်။
ဂျီနိုအာ နှင့် အတ္တလန်တာ (စနေည ၈း၃၀ နာရီ)
နည်းပြအပြောင်းအလဲများတဲ့ ဂျီနိုအာ ရလဒ်တွေတော့ မပြောင်းသေးဘူး။ စီးရီးအေ နောက်ဆုံး(၁၀)ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားတယ်။ ပီယွန်တက်ခ်ရဲ့ သွင်းဂိုးတွေကလည်း အောင်ပွဲအတွက် မလုံလောက်ဘူးဖြစ်နေတယ်။ အတ္တလန်တာရဲ့ ဒီရာသီ အဝေးကွင်းခြေစွမ်းက မဆိုးဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ မထင်မှတ်တဲ့ ရှုံးပွဲတွေကို ရင်ဆိုင်ထားရလို့ ဂျီနိုအာ အမှတ်ရ သွားနိုင်တယ်။
အေစီမီလန် နှင့် ဖီအိုရင်တီးနား (စနေည ၈း၃၀ နာရီ)
ပြီးခဲ့တဲ့တစ်ပတ်မှာ နိုင်ပွဲရနံ့ကို ပြန်လည်ဖန်ဆင်းနိုင်ခဲ့တဲ့ ဖီအိုရင်တီးနားအတွက် ပျော်ရွှင်ဖွယ်ရာ ပြန်လည်ပျောက်သွားနိုင်တဲ့အခြေအနေမျိုးပါပဲ။ ပုံမှန်ဂိုးသွင်းမယ့်သူမရှိတဲ့ ပြဿနာကိုလည်း ဖီအိုရင်တီးနား မရှင်းနိုင်သေးဘူး။ အေစီမီလန်ကလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်၊ ဟီဂွါအင်လို တိုက်စစ်မှူးမျိုးရှိနေပေမယ့် စီးရီးအေမှာ ဂိုးအရနည်းနေတယ်။ ဖီအိုရင်တီးနား တစ်မှတ် မျှော်လင့်လို့ရပေမယ့် အေစီမီလန် ကပ်နိုင်ဖို့များတယ်။
နာပိုလီ နှင့် SPAL (စနေည ၈း၃၀ နာရီ)
အရင်လို နာပိုလီဂိုးပေါ်ပွဲတွေဟာ လက်ရှိနည်းပြ အန်ဆယ်လော့တီလက်ထက်မှာ သိပ်မမြင်တွေ့ရဘူး။ ဒီရာသီစီးရီးအေမှာ နာပိုလီ (၃)ဂိုးပြတ်နိုင်ခဲ့တာ (၃)ပွဲပဲရှိခဲ့ပါတယ်။ အဲဒီ (၃)ပွဲစလုံးအိမ်ကွင်းမှာ ကစားခဲ့တာဖြစ်လို့ အဝေးကွင်းမှာ ခံစစ်လုံခြုံမှုအားနည်းတတ်တဲ့ SPAL ကို ဂိုးပြတ်သွင်းနိုင်မလား စောင့်ကြည့်ရမယ်။ ဒါပေမဲ့ SPAL တိုက်စစ် ဂိုးပြန်ရနိုင်လို့ နာပိုလီ (၂-၁)၊ (၃-၁)လောက်ပဲ ဖြစ်မယ်ထင်တယ်။
ဆာဆူအိုလို နှင့် တိုရီနို (စနေည ၈း၃၀ နာရီ)
စီးရီးအေအိမ်ကွင်း (၅)ပွဲဆက် ဆာဆူအိုလို နိုင်ပွဲပျောက် ဆုံးထားပါတယ်။ အခုရင်ဆိုင်ရမယ့် တိုရီနိုက ဒီရာသီအဝေးကွင်းမှာ ဂုဏ်သတင်းမွှေးပျံ့နေပြီး ရှုံးပွဲလုံးဝမရှိသေးဘူး။ အဝေးကွင်းမှာ ဆာဆူအိုလိုနဲ့ ကစားဟန်၊ စုဖွဲ့မှုချင်း သိပ်မကွာခြားတဲ့ ဆမ်ဒိုးရီးယားကို ဂိုးပြတ်အနိုင်ယူထားလို့ ဆာဆူအိုလိုရဲ့ အိမ်ကွင်းနိုင်ပွဲပြန်လည်ပိုင်ဆိုင်ရေးမျှော်လင့်ချက် ရုန်းကန်ရနိုင်ပါတယ်။ ဆာဆူအိုလို (၁-၁)၊ (၂-၁)ဖြစ်လာနိုင်တယ်။
အူဒီးနီးစ် နှင့် ဖရိုဆီနိုနီ (စနေည ၈း၃၀ နာရီ)
နှစ်သင်းကြားအစဉ်အလာကွာခြားပေမယ့် လက်ရှိအချိန်မှာ တန်းဆင်းဇုန်ပြိုင်ဘက်တွေဖြစ်နေပါတယ်။ အူဒီးနီးစ်စုဖွဲ့မှု ပိုကောင်းပေမယ့် အိမ်ကွင်းနောက်ဆုံး (၆)ပွဲမှာ (၅)ပွဲအထိ ရှုံးနိမ့်ထားတာကို သတိထားရမယ်။ အူဒီးနီးစ်နဲ့ ဂိုးအနည်းပါပဲ။
ချီယေဗို နှင့် အင်တာမီလန် (စနေည ၁၁း၃၀ နာရီ)
ချီယေဗိုကွင်းမှာ အင်တာမီလန်ဟာ ရုန်းကန်ရလေ့ရှိပါတယ်။ လက်ရှိချီယေဗိုဟာ နိုင်ပွဲတွေဆီရောက်အောင် မသွားနိုင်သေးပေမယ့် ရှုံးပွဲတွေရပ်တန့်ထားပြီး (၅)ပွဲဆက်သရေတစ် မှတ်ရယူထားနိုင်တယ်။ အင်တာမီလန်ကလည်း နောက်ပိုင်းမှာ အဝေးကွင်းကြောက်ရောဂါ စွဲကပ်လာသလိုပဲ။ အတ္တလန်တာနဲ့ ဂျူဗင်တပ်စ်ကို အရေးနိမ့်ထားပြီး ရိုးမားကို သရေကျကာ (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပါတယ်။ ချီယေဗို သရေတစ်မှတ် မျှော်လင့်ခွင့်ရှိပြီး အင်တာမီလန် အလွန်ဆုံးကပ်နိုင်ရုံပါပဲ။
ပါးမား နှင့် ဘိုလော့ဂ်နာ (စနေည ၁၁း၃၀ နာရီ)
လာဇီယိုနဲ့ ဂျူဗင်တပ်စ်တို့ကို ရှုံးနိမ့်ခဲ့တာကလွဲပြီး ပါးမားရဲ့ အိမ်ကွင်းမာဂုဏ်မြင့်မားပါတယ်။ အဝေးကွင်းမှာ နိုင်ပွဲလုံးဝ မရသေးတဲ့ ဘိုလော့ဂ်နာ သရေတစ်မှတ်ထက် ပိုမရနိုင်ပါဘူး။ ပါးမား တိုက်စစ်လူမစုံပေမယ့် အနိုင်ရဖို့များပါတယ်။
ဂျူဗင်တပ်စ် နှင့် ရိုးမား (တနင်္ဂနွေနံနက် ၁းဝ၀ နာရီ)
အနာဂတ်မတည်ငြိမ်မှုတွေကြားက ရိုးမားနည်းပြ ဒီဖရန်ဆက်စကို အကျပ်အတည်းတွေ့ဦးမယ့်ပွဲမျိုး၊ နောက်ဆုံး (၆)ပွဲမှာ (၁)ပွဲသာအနိုင်ရထားတဲ့ စွမ်းဆောင်ရည်မျိုးဟာ ဂျူဗင်တပ်စ်ကို ရပ်တန့်သွားစေမှာမဟုတ်ဘူး။ ဂျီနိုအာကို အနိုင်ရခဲ့တဲ့ နောက်ဆုံးပွဲမှာ ရိုးမားက လူငယ်တွေကို ဦးစားပေးပွဲထုတ်ခဲ့ပြီး တိုက်စစ်အခင်းအကျင်းအပြောင်းအလဲကို မြင်ခဲ့ရတယ်။ ဒါပေမဲ့ ခံစစ်အားနည်းချက်တွေ မပြင်ဆင်နိုင်သေးဘူး။ ဒီရာသီအဝေးကွင်းမှာ ရိုးမားရဲ့ တစ်ပွဲပျမ်းမျှပေးဂိုးက (၁ .၃၆)ဂိုးအထိရှိနေ လို့ စီရော်နယ်လ်ဒို ဦးဆောင်လာမယ့် ဂျူဗင်တပ်စ်တိုက်စစ်ကို ဂိုးပေးရဦးမယ်။ တစ်ခုသတိထားရမှာက အိမ်ကွင်းနောက်ဆုံး (၃)ပွဲမှာ ရိုးမားကို ဂျူဗင်တပ်စ် (၁-၀)ဂိုးရလဒ်နဲ့သာ အနိုင်ရထားတာပါပဲ။ ပြီးတော့ ဂျူဗင်တပ်စ်ရဲ့ အိမ်ကွင်းနောက်ဆုံး (၃)ပွဲ မှာ ဂိုးအရနည်းခဲ့ပြီး ပေးဂိုးမရှိခဲ့လို့ ဒီပွဲက ဂျူဗင်တပ်စ်နဲ့ ဂိုးအနည်းဖြစ်လာနိုင်ပါတယ်။