ပရီးမီးယားလိဂ်ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 22 December 2018

ယနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲရှိပါသည်။

အာဆင်နယ် နှင့် ဘန်လေ (စနေည ရးဝ၀ နာရီ)

ဆောက်သမ်တန်နဲ့့ပွဲမှာ အာဆင်နယ်ရဲ့ ရှုံးပွဲမရှိမှတ်တမ်းက (၂၂)ပွဲထိ ရောက်ရှိလာမယ်လို့ အားလုံးမျှော်လင့်ထားခဲ့ကြပေမယ့် (၂-၃) နဲ့ ရှုံးသွားခဲ့တယ်။ အူနိုင်းအမ်မရီရဲ့ အသင်းက အဆင့်(၅)နေရာ ရောက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဒီလိုပွဲတွေကို အမှားခံလို့မရဘူး။ ဘန်လေရဲ့ လက်ရှိအခြေအနေကလည်း အားရစရာအနေအထားမှာ မရှိဘူး။ အာဆင်နယ်အတွက် မခက်ခဲတဲ့ပွဲပါ။ (၂-၀) လောက်နဲ့ နိုင်မယ်။

ဘုန်းမောက် နှင့် ဘရိုက်တန် (စနေည ၉း၃၀ နာရီ)

ဘုန်းမောက်က နောက်ပိုင်းပွဲတွေမှာ သူတို့ရဲ့ပုံစံကောင်းကို ပြန်ရဖို့ ရုန်းကန်နေရတယ်။ နောက်ဆုံးကစားတဲ့ (၇)ပွဲမှာ (၆)ပွဲထိ ရှုံးခဲ့တာက စိတ်ပျက်စရာပါ။ ဒါပေမဲ့ အဆင့် (၈)နေရာမှာ ရပ်တည်နေဆဲဖြစ်သလို၊ ဘရိုက်တန်နဲ့ပွဲက သူတို့ရဲ့ Turning Point ဖြစ်လာလိမ့်မယ်။ ဘရိုက်တန်ကလည်း ချယ်လ်ဆီးကို ရှုံးအပြီး (၂)ပွဲဆက်မရှုံးအောင် ရုန်းကန်မှာဖြစ်ပေမယ့် အိမ်ရှင်ဖြစ်တဲ့ ဘုန်းမောက်ပဲ (၂-၁)လောက်နဲ့ နိုင်သွားလိမ့်မယ်။

ချယ်လ်ဆီး နှင့် လက်စတာ (စနေည ၉း၃၀ နာရီ)

ချယ်လ်ဆီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘရိုက်တန်ကို ခက်ခက်ခဲခဲအနိုင်ကစားခဲ့ရပြီး အခုဒီပွဲမှာတော့ အိမ်ကွင်းနိုင်ပွဲဆက်ဖို့ ကစားရလိမ့်မယ်။ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ မန်စီးတီးအသင်းကို အနိုင်ရထားခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ စိတ်ပိုင်းဆိုင်ရာက မြင့်တက်နေမှာဖြစ်ပြီး စပါးနဲ့ ပဲလေ့စ်တို့ကို (၂)ပွဲဆက် ရှုံးခဲ့တဲ့ လက်စတာအနေနဲ့ အဝေးကွင်းမှာ ချယ်လ်ဆီးကို ယှဉ်ကစားနိုင်ဖို့ခက်မယ်။ ချယ်လ်ဆီးက နောက်ပိုင်းပွဲတွေမှာ ဟာဇက်ကို အထောင်တိုက်စစ်မှူးအဖြစ် သုံးနေပြီး တိုက်စစ်ပိုင်းကို Fluid ပုံစံ သုံးလာတယ်။ ဝီလီယံရဲ့ တစ်ဦးချင်းခြေစွမ်းပိုင်း အနည်းငယ်ကျဆင်းသွားပြီး သွင်းဂိုးတွေ ပျောက်ဆုံးနေပေမယ့် အုပ်စုဖွဲ့ကစားပုံကောင်းပြီး ပြိုင်ဘက်အသင်းတွေကို ခြိမ်းခြောက်နိုင်ဆဲဖြစ်တာတွေ့ရတယ်။ ကွင်းလယ်မှာ ကိုဗာချစ်-ဂျော်ဂျင်ဟို-ကွန်တေတို့ရဲ့ အတွဲအဖက်က လက်စတာကို စိုးမိုးနိုင်ဖို့ မခက်ပါဘူး။ ဝုလ်ဗ်၊ မန်စီးတီး၊ ဘရိုက်တန် (၃)ပွဲဆက် အားနည်းခဲ့တဲ့ ကွင်းလယ်က ဒီပွဲမှာ အလုပ်ဖြစ်မယ်လို့ ယူဆရတယ်။ လက်စတာက ဗာဒီတစ်ဦးတည်းကို သွင်းဂိုးတွေအတွက် မှီခိုနေရပြီး ဗာဒီ မကစားနိုင်ရင်၊ ခြေစွမ်းမပြနိုင်ရင် ဂိုးရဖို့တောင် မသေချာတဲ့အသင်းပါ။ ချယ်လ်ဆီးကို ကြိုက်တယ်။ (၂-၀)လောက်ဖြစ်နိုင်တယ်။

ဟတ်ဒါဖီးလ် နှင့် ဆောက်သမ်တန် (စနေည ၉း၃၀ နာရီ)

ဟတ်ဒါဖီးလ်အသင်းက နောက်ဆုံး(၄)ပွဲဆက် ရှုံးခဲ့ပြီး (၅)ပွဲဆက် ရှုံးပွဲမတွေ့အောင် ရုန်းကန်ရမှာပါ။ ဆောက်သမ်တန်က ဒီရာသီမှာ အခြေအနေဆိုးနေတဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ အိမ်ကွင်းပရိသတ်ရှေ့မှာ အာဆင်နယ်ကို အနိုင်ကစားခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ သူတို့ရဲ့စွမ်းဆောင်ရည်က စိတ်ချလို့မရသေးဘူး။ ဒီနှစ်သင်း နောက်ဆုံးတွေ့ခဲ့တဲ့ (၂)ကြိမ်စလုံး သရေကျခဲ့ပြီး ဒီပွဲလည်း သရေကျနိုင်တယ်။

မန်စီးတီး နှင့် ခရစ္စတယ်ပဲလေ့စ် (စနေည ၉း၃၀ နာရီ)

ပဲလေ့စ်က ခန့်မှန်းရခက်တဲ့အသင်း၊ ခြေရူးလို့ ပြောရမယ့်အသင်းဖြစ်နေတယ်။ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲကို ကစားပြီးရင် ချက်ချင်း ခြေစွမ်းကျဆင်းသွားတတ်တယ်။ မန်စီးတီးအသင်းက ချယ်လ်ဆီးကို ရှုံးခဲ့တဲ့ တစ်ပွဲကလွဲရင် ပွဲတိုင်း ခြေစွမ်းပြနေပြီး၊ တည်ငြိမ်တဲ့အသင်းတစ်သင်းပါ။ အိမ်ကွင်း၊ အဝေးကွင်း သိပ်မကွာဘူး။ တစ်ပွဲပျမ်းမျှ (၃)ဂိုးလောက် သွင်းနိုင်ပြီး၊ ဒီပွဲလည်း (၃-၀)လောက်ဖြစ်ဖို့ သိပ်မခက်ဘူး။

နယူးကာဆယ် နှင့် ဖူလ်ဟမ် (စနေည ၉း၃၀ နာရီ)

ပရီးမီးယားလိဂ်ရဲ့ ၀ါရင့်နည်းပြနှစ်ဦး ဆုံတွေ့တဲ့ပွဲဖြစ်ပြီး (၂)သင်းစလုံးရဲ့ နောက်ဆုံး ရလဒ်တွေက အားရစရာသိပ်မရှိတာ တွေ့ရတယ်။ ဒါပေမဲ့ ဒီ(၂)သင်းရဲ့ ခြေစွမ်းချင်းယှဉ်ရင် နယူးကာဆယ်က ပိုကောင်းပါတယ်။ ရွန်ဒွန်ပါရင် နယူးကာဆယ်တိုက်စစ်က ပိုကောင်းပြီး ဂိုးသွင်းနှုန်းလည်းကောင်းတာ တွေ့ရတယ်။ အိမ်ကွင်းဖြစ်နေတဲ့အပြင် နောက်ဆုံး (၆) ပွဲမှာ (၃) ပွဲနိုင်ခဲ့တဲ့ နယူးကာဆယ် (၁-၀)၊ (၂-၀) လောက်နဲ့ အနိုင်ရဖို့ရှိတယ်။

ဝက်စ်ဟမ်း နှင့် ဝက်ဖို့ဒ် (စနေည ၉း၃၀ နာရီ)

ဖူလ်ဟမ်အသင်းကို လန်ဒန်ဒါဘီမှာ အနိုင်ရခဲ့ပြီးတော့ နောက်ထပ်လန်ဒန်အိမ်နီးချင်း အသင်း တစ်သင်းဖြစ်တဲ့ ဝက်ဖို့ဒ်ကိုတော့ အိမ်ကွင်းမှာ ဝက်စ်ဟမ်း လက်ခံကစားရမယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၄)ပွဲဆက် အနိုင်ရခဲ့ပြီး ခြေစွမ်းပြနေတဲ့ ဝက်စ်ဟမ်းကို (၅) ပွဲအနိုင်ရဖို့အတွက် ကြိုးစားဦးမှာပါ။ ဝက်ဖို့ဒ်ရဲ့ နောက်ပိုင်းရလဒ်တွေကလည်း အားရစရာ မရှိဘူး။ ခြေသိပ်မကွာပေမယ့် ဝက်စ်ဟမ်းပဲ ကြိုက်တယ်။

ကာဒစ်ဖ် နှင့် မန်ယူ (စနေည ၁၂းဝ၀ နာရီ)

ကာဒစ်ဖ်ရဲ့ အိမ်ကွင်းခြေစွမ်းကို မန်ယူအသင်း သတိထားရလိမ့်မယ်။ နည်းပြအ ပြောင်းအလဲလုပ်ထားပြီး၊ ယာယီနည်းပြနဲ့ ပွဲထွက်လာမှာဖြစ်ပေမယ့် မန်ယူအသင်း အ ခြေယိုင်သွားဖို့ထက် တည်ငြိမ်သွားဖို့များပါတယ်။ ပေါ့ဘာ၊ လင်ဂတ်တို့ရဲ့ ဆရာဟောင်း ဖြစ်သလို၊ မန်ယူအသင်းရဲ့ဂန္ထဝင်တစ်ဦးဖြစ်တဲ့  ဆိုးလ်ရှားအတွက် ဒီအခြေအနေက မစိမ်း ပါဘူး။ ကာဒစ်ဖ်ကွင်းဆိုပေမယ့် မန်ယူ နိုင်ပွဲပြန်ရလိမ့်မယ်။