ဘိုင်ယန်မြူးနစ်အသင်းနှင့် ဂျာမနီဂန္ထဝင်ဂိုးသမား အိုလီဗာခန်းက ချန်ပီယံလိဂ်ပြိုင်ပွဲရှုံးထွက်အဆင့်တွင်ရင်ဆိုင်မည့် လီဗာပူးလ်အသင်းဂိုးသ မား အယ်လစ်ဆန်မှာ လက်ရှိအချိန်တွင် နော်ယာထက် ပိုကောင်းသည့်ဂိုးသမားဖြစ်ကြောင်း ထုတ်ဖော်ချီးကျူးခဲ့သည်။
အသက် (၄၉)နှစ်ရှိ အိုလီဗာခန်းက အသင်းဟောင်းဘိုင်ယန်မြူးနစ်ဂိုးသမား နော်ယာမှာ ဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီးနောက် ယခင်ကလက်စွမ်းမျိူးပြန်မရရှိသေးဘဲ ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အားနည်းချက်များရှိခဲ့ကာ ဂျာမနီအသင်းအနေဖြင့် အုပ်စုအ ဆင့်မှ ထွက်ခွာခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး အိုလီဗာခန်းက လီဗာပူးလ်အသင်း၏ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အယ်လစ်ဆန်မှာမူ ပြီးခဲ့သည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်ဂိုးသမားတစ်ဦးအဖြစ်သက်သေပြခဲ့သလို လက်ရှိအချိန်တွင်လည်း နော်ယာထက်ပိုမိုကောင်းမွန်သည့်လက်စွမ်းကို ပြသနေသူဖြစ် ကြောင်း ဖွင့်ဟခဲ့သည်။
အိုလီဗာခန်းက '' လက်ရှိအချိန်မှာတော့ အယ်လစ်ဆန်ပါပဲ။ သူဟာ ကမ္ဘာ့ဖလားမှာကတည်းကကမ္ဘာ့အဆင့်ဂိုးသမားတစ်ဦးဖြစ်တယ်ဆိုတာကို သက်သေပြခဲ့တယ်။ နော်ယာကတော့ ဒဏ်ရာကနေ ပြန်ကောင်းလာပြီးကတည်းကအယ်လစ်ဆန်လောက်ကောင်းကောင်းမကစားနိုင်ခဲ့ဘူး။ ကမ္ဘာ့ဖလားမှာ အစောကြီးထွက်ခဲ့ရတာနဲ့ ဒဏ်ရာရရှိခဲ့တာက သူ့ရဲ့ပုံမှန်လက်စွမ်းကို ပျောက်ဆုံးသွားစေတဲ့အရာ (၂)ခုလို့ထင်ပါတယ်။ ကစားသမားတစ်ဦးအတွက် ဒီလိုအခြေအနေက ပြန်လည်ရုန်းထဖို့ မလွယ်ကူပါဘူူး။ သူ့အနေနဲ့ ယုံကြည်မှုပြန်တည်ဆောက်ဖို့ ကြိုးစားရမှာပါ။ ယုံကြည်မှုတည်ဆောက်နိုင်ပြီဆိုရင်တော့ မကြာမီကာလအတွင်းမှာ အရင်လက်စွမ်းမျိုးပြန်ရပါလိမ့်မယ်'' ဟု ပြောကြားခဲ့သည်။
ဂျာမနီလက်ရွေးစင်ဂိုးသမားဟောင်း အိုလီဗာခန်းသည် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဘွန်ဒစ်လီဂါချန်ပီယံဆု (၈)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁)ကြိမ်အပါအဝင် အောင်မြင်မှုများစွာရယူနိုင်ခဲ့သူဖြစ်ပြီး လက်ရွေးစင်အသင်းနှင့်လည်း ယူရို-၁၉၉၆ ချန်ပီယံ၊ ၂၀၀၂ ကမ္ဘာ့ဖလားတွင် ဒုတိယ၊ ၂၀၀၆ ကမ္ဘာ့ဖလားတွင် တတိယ စသည့် အောင်မြင်မှုများရယူနိုင်ခဲ့သည်။
လက်ရှိရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိသေးသည့် လီဗာပူးလ်အသင်းအတွက် ဂိုးသမား အယ်လစ်ဆန်က လက်စွမ်းပြလျက်ရှိပြီး ပေးဂိုး (၇)ဂိုးသာ ခွင့်ပြုထားရကာ ဘိုင်ယန်မြူးနစ်အသင်းမှာမူ ဘွန်ဒစ်လီဂါပွဲစဉ် (၁၆)အပြီး၌ (၁၈)ဂိုးအထိ ခွင့်ပြုထားရကာ ရှုံးပွဲ(၃)ပွဲအထိရှိခဲ့သည်။
လီဗာပူးလ်အသင်းသည် လာမည့်ဖေဖော်ဝါရီ (၁၉)ရက်တွင် ချန်ပီယံလိဂ်ရှုံးထွက်အဆင့် (ပ-ကျော့)ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းအား အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်သွားရမည်ဖြစ််ပြီး ဒုတိယအကျော့အား မတ်လ (၁၃)ရက်တွင် အဝေးကွင်းပွဲစဉ်သွားရောက်ကစားရမည်ဖြစ်ကြောင်း သိရသည်။