မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုအား စိတ်ဝင်စားနေသည့်အသင်း (၃)သင်းအထိ ရှိနေကြောင်း ဗြိတိန်သတင်းစာ The Times က ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ရလဒ်များဆိုးရွားမှုကြောင့် ဒီဇင်ဘာ (၁၈)ရက်နေ့က အသင်းနည်းပြ မော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် မော်ရင်ဟိုကို မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်မခံရမီ တစ်ပတ်အလိုလောက်ကတည်းက တစ်နှစ်လစာ ယူရို (၁၈)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ထို့ပြင် မော်ရင်ဟိုအား ခေါ်ယူရန် ၎င်း၏ အသင်းဟောင်းတစ်သင်းဖြစ်သည့် အင်တာမီလန်အသင်းကလည်း အခြေအနေစောင့်ကြည့်နေသလို ပေါ်တူဂီထိပ်သီး ဘင်ဖီကာအသင်းကလည်း ၎င်းကို နည်းပြအဖြစ် ခန့်အပ်ရန် အလိုရှိနေကြောင်း သိရသည်။
မော်ရင်ဟိုသည် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းတွင် နည်းပြဘဝအစပိုင်းက လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌဟောင်း ကယ်လ်ဒါရွန်ကမူ မော်ရင်ဟိုမှာ လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌ ပီရက်ဇ် ယုံကြည်သည့် တစ်ဦးတည်းသောနည်းပြဖြစ်ပြီး မော်ရင်ဟိုအနေဖြင့် ရီးယဲလ်အသင်းကို အနည်းနှင့် အမြန်ကိုင်တွယ်လိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။