ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဆန်ဒရို ပြောကြား

ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဆန်ဒရို ပြောကြား
Photo: Juventus FC
Photo: Juventus FC
Published 21 December 2018

 

ဂျူဗင်တပ်စ်အသင်း၏ ဘရာဇီးလ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုက အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းများဖြစ်သည့် ချယ်လ်ဆီး၊ မန်ယူအသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းများ၏ စိတ်ဝင်စားခြင်းကို ခံနေရသည့် အဲလက်စ်ဆန်ဒရိုကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

အသက် (၂၇)နှစ်အရွယ်ရှိ အဲလက်စ်ဆန်ဒရိုသည် ယခင်က ဂျူဗင်တပ်စ်အသင်းတွင် တစ်နှစ်လစာ ယူရို (၂.၈)သန်းသာ ရရှိနေသော်လည်း စာချုပ်သစ်အရ တစ်နှစ်လစာ ယူရို (၅)သန်းနီးပါး ရရှိဖွယ်ရှိနေကြောင်း သိရသည်။

အဲလက်စ်ဆန်ဒရိုက "ကျွန်တော့်ကို ဒီလိုဖြစ်လာအောင် ကူညီပေးခဲ့တဲ့လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ မိသားစုဝင်အဖြစ် ရှေ့ဆက်ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် အလွန်ပျော်ပါတယ်"ဟု ၎င်း၏ Instagram တွင် ရေးတင်ခဲ့သည်။

အဲလက်စ်ဆန်ဒရိုသည် ၂၀၁၅ ခုနှစ်က ပေါ်တူဂီကလပ် ပေါ်တိုအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရို (၂၆)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၃၄)ပွဲတွင် (၉)ဂိုး သွင်းယူထားသည်။