မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ ဘယ်ကိုသွားနေသည်ကို မရှင်းမလင်းဖြစ်နေပြီး ဒီမိုကရေစ ီဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များမှာ ရပ်တန့်နေကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ ဘယ်ကိုသွားနေသည်ကို မရှင်းမလင်းဖြစ်နေပြီး ဒီမိုကရေစ ီဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များမှာ ရပ်တန့်နေကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ပြောကြား
Published 20 December 2018
မင်းသန့်၊ ဌေးလှအောင်

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေမှာ ဘယ်ကိုသွားနေသည်ကို မရှင်းမလင်းဖြစ်နေပြီး ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုမှာ လမ်းခုလတ်၌ ရပ်တန့်နေသည့်အပြင် နောက်ပြန်ဆုတ်သော လက္ခဏာများ တွေ့နေရပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာလည်း ရပ်တန့်လျက်ရှိသည်ကို တွေ့မြင်နေရကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားသည်။

ပြင်ဦးလွင်မြို့တွင် ဒီဇင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ သုံးရက်ကြာ ပြုလုပ်လျက်ရှိ သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာစုံညီ အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေက ဘယ်ကိုသွားမလဲဆိုတာ မရှင်းမလင်းနဲ့ ဝေဝေ၀ါးဝါး ဖြစ်နေတယ်လို့ မြင်ပါတယ်။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာကလည်း လမ်းခုလတ်မှာ ရပ်နေတယ်။ ရှေ့ဆက်မသွားဘူး။ နောက်ဆုတ်တဲ့ လက္ခဏာ အမြောက်အမြားကို တွေ့နေရတယ်။ ငြိမ်းချမ်းရေးမှာဆိုရင် ပိုတောင်အလှမ်းဝေးသွားသလို ခံစားရတယ်။ ကျွန်တော်တို့ ကြားထားတာတွေကတော့ အများကြီးပေါ့။ မြောက်ပိုင်းအဖွဲ့ အစည်းတွေနဲ့က အခြေအနေပြန်ကောင်း လာတယ်။ တောင်ပိုင်းကအဖွဲ့အစည်းတွေနဲ့ ကတော့ ဒါက ကစားနေတာတို့ ခဏရပ်ထား တာတို့ပေါ့။ ဘယ်လိုဘယ်အကြောင်းတွေ ကြောင့်ပဲပြောနေနေ လက်တွေ့မှာတော့ ယနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ရပ်နေတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ဘာမှန်းမသိဘူး ဖြစ်နေတယ်” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆိုသည်။

ထို့ပြင် လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် ရခိုင်ပြည်နယ်မှ ပြဿနာများနှင့်ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားမျိုးစုံတို့ဖြင့် ကြုံတွေ့နေရသည့်ပုံစံမှာ မည်သည့်ခေတ်အခါကမှ မကြုံတွေ့ဖူးသည့်ပုံစံဖြင့် ရင်ဆိုင်နေရကြောင်း၊ ယင်းကဲ့သို့ ဖြစ်နေသည်မှာ ရင်လေးစရာကောင်းကြောင်း လတ်တလော ကြုံတွေ့နေရသည့် နိုင်ငံရေးဆိုင်ရာ ပြဿနာများမှာ NLD အစိုးရအပေါ်တွင် များစွာတာဝန်ရှိနေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံသမိုင်းမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ဖြစ်စဉ်နဲ့ ကြုံတွေ့နေရတယ်။ စစ်အစိုးရ လက်ထက်တွေမှာပါ မကြုံဖူးတဲ့ နိုင်ငံတကာနဲ့ပြဿနာကြုံနေတယ်။ အဲဒါက ကျွန်တော်တို့တိုင်းပြည်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ချိုးဖောက်မှုတွေကြောင့်လို့ ပြောဆိုနေကြတယ်။ ကျွန်တော်တို့ကတော့ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ဘာမှတိတိကျကျ သတင်းမသိရဘူးလေ။ နောက်ဆက်တွဲ အနေနဲ့ မနေ့တစ်နေ့ကပဲ အမေရိကန်အောက်လွှတ်တော်မှာကျွန် တော် တို့တိုင်းပြည်ရဲ့ ရခိုင်ဘက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဒါဟာလူမျိုးသုဉ်း သတ်ဖြတ်မှု ကိစ္စလို့ဆိုပြီး မဲခွဲဆုံးဖြတ်ရာမှာ တစ်ယောက်ပဲ ကန့်ကွက်သူရှိတယ်။ နောက်ဆက်တွဲ အနေနဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးကိစ္စက ရင်လေးစရာ ကောင်းလာတယ်။ ဖွံ့ဖြိုးတိုးတက်မှု ကိစ္စတွေက ရင်လေးစရာကောင်းတယ်။ ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ ညီညီညွတ်ညွတ် ရှိနေမယ်။ စည်းစည်းလုံးလုံး ရှိနေမယ်ဆိုရင် ကိစ္စတော်တော် များများကို ကျော်ဖြတ်လို့ရမယ်။ လက်တွေ့မှာ ကိုယ့်အထဲမှာက ညီညီညွတ်ညွတ်မရှိဘူး ဖြစ်နေတယ်။ ဒီလိုဖြစ်နေတဲ့ ကိစ္စအတော်များများကို ကျွန်တော်တို့ကိုယ်တိုင် ညီညီညွတ်ညွတ် စုစည်းပြီး ကျော်လွှားနိုင်မှ ကျွန်တော်တို့ အနေအထားက ခံသာနိုင်မယ်လို့ ထင်ပါတယ်” ဟု ဦးအောင်မိုးဇော်က ပြောကြားသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေးကို ပြင်ဦးလွင်မြို့တွင် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက စတင်ပြုလုပ်လျက်ရှိပြီး စုံညီအစည်းအဝေးတွင် ပါတီ၏ မူဝါဒပိုင်းဆိုင်ရာများ ဆွေးနွေးခြင်း၊ ဒီမိုကရေစီနည်း ကျခေါင်းဆောင်များကို ပြန်လည်ရွေးချယ်ခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ခြင်း အစရှိသည့် အချက်များဖြင့် ပြုလုပ်နေခြင်းဖြစ်ကာ အစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ပြင်ဦးလွင်မြို့ အနီးစခန်းရှိ အာရှအလင်းရောင် ပညာရေး ဖောင်ဒေးရှင်း ကျောင်းတိုက်အတွင်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent