လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး ပြင်ဦးလွင်မြို့တွင် ပြုလုပ်လျက်ရှိပြီး ပါတီခေါင်းဆောင်ပိုင်း နေရာများ ပြန်လည်ရွေးချယ်မည်

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး ပြင်ဦးလွင်မြို့တွင် ပြုလုပ်လျက်ရှိပြီး ပါတီခေါင်းဆောင်ပိုင်း နေရာများ ပြန်လည်ရွေးချယ်မည်
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး ကျင်းပနေစဉ်
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေး ကျင်းပနေစဉ်
Published 19 December 2018
မင်းသန့်၊ ဌေးလှအောင်

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေးကို ပြင်ဦးလွင်မြို့တွင် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက စတင်ပြုလုပ်လျက်ရှိပြီး စုံညီအစည်းအဝေးတွင် ပါတီ၏ ခေါင်းဆောင်ပိုင်း နေရာအချို့ကို ပြန်လည်ရွေးချယ်သွားရန် စီစဉ်ထားကြောင်း ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေးကို ပါတီ၏ မူဝါဒပိုင်းဆိုင်ရာများ ဆွေးနွေးခြင်း၊ ဒီမိုကရေစီနည်းကျ ခေါင်းဆောင်များကို ပြန်လည်ရွေးချယ်ခြင်း၊ ၂၀၂၀ ရွေး ကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း အစရှိသည့် အချက်များဖြင့် ပြုလုပ်နေခြင်းဖြစ်ကာ အစည်းအဝေးကို ဒီဇင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ပြင်ဦးလွင်မြို့ အနီးစခန်းရှိ အာရှ အလင်းရောင် ပညာရေးဖောင်ဒေးရှင်း ကျောင်းတိုက်တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ပါတီက ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါတယ်။ ဒါတွေက နိုင်ငံရေးပါတီတစ်ခု လုပ်ရမယ့် ကိစ္စတွေကို လုပ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိနိုင်ငံရေး အခြေအနေက ဒီမိုကရေစီ နိုင်ငံရေးပါတီတွေ လွှတ်တော်ထဲ ရောက်ဖို့လိုတယ်။ နိုင်ငံရေးပါတီကြီး တစ်ခုထဲ လွှတ်ထားလို့လည်း အခက်အခဲရှိတယ်။ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေပဲ ကြည့်လိုက်ပါ။ ပြည်သူကို တကယ်အလုပ်အကျွေး ပြုနိုင်မယ့်၊ ပြည်သူ့အသံတွေကို လွှတ်တော်ထဲမှာ ဖော်ပြပေးနိုင်မယ့် နိုင်ငံရေးပါတီတွေ လိုပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က ရွေးကောက်ပွဲဝင်ဖို့အတွက် ကြိုးစားနေတာဖြစ်တယ်။ ဘယ်လောက် အတိုင်းအတာအထိ ဝင်ရောက်သွားမလဲ ဆိုတာကတော့ ကျွန်တော်တို့ ပြင်ဆင်သင့်တာတွေ ပြင်ဆင်နေပါတယ်။ ဒီနေ့ စုံညီအစည်းအဝေး လုပ်ရတာက ကျွန်တော်တို့ပါတီ ပြန်ပြီးစုစည်း တည်ဆောက်ခဲ့တာ ငါးနှစ်ရှိသွားပါပြီ။ အခုပါတီပုံစံ ပြန်ပြီးတော့ ပေါ်လာပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ပါတီကိုဒီမိုကရက်တစ်ပါတီ တစ်ခုအနေနဲ့ တည်ဆောက်သွားဖို့ လိုပါတယ်။ ခေါင်းဆောင်မှုကလည်း ဒီမိုကရေစီနည်းကျ ရွေးချယ်ပြီးတော့ ပါတီရဲ့ လုပ်ငန်းစဉ်တွေကလည်း အများကစုဖွဲ့ပြီး ဆုံးဖြတ်တာတွေ ဖြစ်ဖို့လိုတယ်။ နောက်တက်လာမယ့် ခေါင်းဆောင်တွေကလည်း သူတို့လုပ်ချင်တာလုပ်ဖို့ မဟုတ်ဘဲ ညီလာခံကနေ အတည်ပြုပြီးထားတဲ့ ဖွဲ့စည်းပုံကနေ ထိန်းကျောင်းတဲ့ ခေါင်းဆောင်တွေ ဖြစ်ဖို့လိုတယ်။ ညီလာခံလုပ်ရတဲ့ အကြောင်းရင်းက ကျွန်တော်တို့ပါတီက ဒီမိုကရေစီ နိုင်ငံရေးပါတီ တစ်ရပ်အဖြစ် ကြိုးစားတာဖြစ်ပါတယ်။ ဒီစုံညီအစည်းအဝေးကနေ ပါတီတွင်းက ခေါင်းဆောင်ပိုင်းတွေ အပြောင်းအလဲတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ တချို့လူတွေ ပြန်ပါတာ။ တချို့မပါတော့တာတွေ ဖြစ်နိုင်ပါတယ်။ ဒါက ဒီနေ့အစည်းအဝေးကိုတက်လာကြတဲ့ ကိုယ်စားလှယ်တွေက ရွေးချယ်ပေးကြမှာပါ။ ဘာကြောင့် အခုလို လုပ်ရတာလဲဆိုတော့ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး အခြေအနေတွေက သိပ်ပြီး ကောင်းတဲ့အခြေအနေ မဟုတ်ဘူး။ ဒါကြောင့် မုန်တိုင်းထန်နေတဲ့ နိုင်ငံရေး အခြေအနေကို ဖြတ်ကျော်ဖို့ဆိုတာ ခေါင်းဆောင်မှုကောင်းဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင်မှုကလည်း အားလုံး တစ်ညီတစ်ညွတ်တည်း ရွေးချယ်ထားတဲ့ ခေါင်းဆောင်ဖြစ်မှ ခိုင်ခိုင်မာမာနဲ့ ကျော်ဖြတ်လို့ရမှာ ဖြစ်ပါတယ်” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားသည်။

အဆိုပါ ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာ စုံညီအစည်းအဝေးသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဗဟိုကော်မတီဝင်များ၊ ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး မိတ်ဖက်ပါတီများဖြစ်သော ပြည်သူ့ပါတီ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဖက်ဒရယ် ဒီမိုကရက်တစ်တပ်ဦး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် စသည်တို့အပြင် ဆွီဒင်ဆိုရှယ် ဒီမိုကရက်တစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ၊ ဖိလစ်ပိုင်နိုင်ငံ Akabyan ပါတီ ၊ဆွီဒင်နိုင်ငံ Olof phaime International center ၏ နိုင်ငံရေးပါတီများ ဆက်ဆံရေးဌာန၊ Social Democracy in Aisa စသည့် နိုင်ငံခြား အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ် အောက်တိုဘာ ၁၄ ရက်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဖြစ်သူ ရဲဘော်မိုးသီးဇွန်က တော်လှန်သော ပါတီတစ်ရပ်အဖြစ် တရားဝင် ကြေညာပြီး ရပ်တည်ခဲ့သည်။ ပါတီမှာ ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

         

Most Read

Most Recent