မန်ယူအသင်းနည်းပြရာထူးမှ မော်ရင်ဟိုထုတ်ပယ်ခံရပြီးနောက် ဘောလုံးလောကသားများ၏ ပြောစကားများနှင့် နောက်ဆုံးရသတင်းများ

မန်ယူအသင်းနည်းပြရာထူးမှ မော်ရင်ဟိုထုတ်ပယ်ခံရပြီးနောက် ဘောလုံးလောကသားများ၏ ပြောစကားများနှင့် နောက်ဆုံးရသတင်းများ
Photo: Getty Images, AFP
Photo: Getty Images, AFP
Published 19 December 2018

 

 မန်ယူအသင်းသည် ဒီဇင်ဘာ (၁၈) ရက်နေ့က နည်းပြမော်ရင်ဟိုအား ရလဒ်များဆိုးရွားမှုကြောင့် ရာထူးမှထုတ်ပယ်ခဲ့သည်။ 

မန်ယူအသင်းသည် ဖာဂူဆန်လက်ထက်က နည်းပြတစ်ဦးတည်းဖြင့် (၂၇) နှစ်ကြာ လက်တွဲခဲ့သော်လည်း ယခုအခါနောက်ဆုံး (၅) နှစ်အတွင်း (၄) ဦးမြောက်နည်းပြကို ခန့်အပ်ရန်စီစဉ်လျက်ရှိသည်။

မန်ယူအသင်းက မော်ရင်ဟိုကိုထုတ်ပယ်ပြီးနောက် အမြဲတမ်းနည်းပြကို ခန့်အပ်ဦးမည်မဟုတ်ဘဲ ယခုရာသီကုန်အထိ ယာယီနည်းပြဖြင့် စခန်းသွားမည်ဟုထုတ်ပြန်ခဲ့သည်။

မော်ရင်ဟို ရာထူးမှ ထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်ပြီး ဘောလုံးလောကမှ ပြောစကားများနှင့် မန်ယူအသင်း၏ နောက်ဆုံးရသတင်းများကို အကျဉ်းချုပ်ပုံစံဖြင့်ဖော်ပြလိုက်ရပါသည်။

■ မန်ယူအသင်းပရိသတ်အဖွဲ့၏ ထုတ်ပြန်ချက်

    မန်ယူအသင်း၏ တရားဝင်ပရိသတ်အဖွဲ့တစ်ခုဖြစ်သော Manchester United Supporters Trust က မော်ရင်ဟိုထုတ်ပယ်ခံရပြီးနောက်ပိုင်း မန်ယူအသင်းသွားရမည့် လမ်းကြောင့်နှင့်ပတ်သက်ပြီး စာတစ်စောင်ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် '' မော်ရင်ဟိုကိုထုတ်ပယ်ခဲ့ခြင်းမှာ အသင်း၏ ရလဒ်များဆိုးရွားခြင်းကြောင့် ဖြစ်သည်ဟု ၄င်းတို့နားလည်ကြောင်း မန်ယူအသင်းအနေဖြင့် မော်ရင်ဟိုလက်ထက်က ပုံစံကို အလုံးစုံပြောင်းလဲရန်လိုအပ်ကြောင်း၊ မန်ယူအသင်းအတွင် မော်ရင်ဟိုအသုံးပြုခဲ့သည့် အတွေးအခေါ်များကိုလည်း ဆန်းသစ်ရန်လိုအပ်ကြောင်း၊ ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း အသင်း၏ အနေအထားနှင့် ရှေ့ဆက်ရမည့် လမ်းကြောင်းမှာ ဘုတ်အဖွဲ့အပေါ်တွင်အဓိကမူတည်ကြောင်း၊ မန်ယူကစားသမားများအနေဖြင့် ကွင်းအတွင်းတွင် အသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားသည်ကို မြင်တွေ့လိုကြောင်း'' စသည်ဖြင့်ပါရှိသည်။

■ မန်ယူအသင်း၏ ယာယီနည်းပြရာထူးအတွက် အသင်းတိုက်စစ်မှူးဟောင်း ဆိုးလ်ရှား ရေပန်းအစားဆုံးဖြစ်နေ

    မော်ရင်ဟိုကို ထုတ်ပယ်ပြီးနောက်ပိုင်း မန်ယူအသင်းက ယာယီနည်းပြသာခန့်အပ်မည်ဟု ထုတ်ပြန်ခဲ့ရာ အသင်းတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားမှာ ယင်းရာထူးအတွက် ရေပန်းအစားဆုံးဖြစ်နေကြောင်းသိရသည်။ အင်္ဂလန်နာမည်ကြီးဘွတ်ကီဒိုင်များ၏ အလေးပေးမှုတွင် ဆိုးလ်ရှားက (၅း၂)လေးဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ၄င်းနောက်တွင် ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီက (ရး၂)လေးဖြင့်ရပ်တည်နေသည်။ ထို့ပြင် စပါးအသင်းနည်းပြ ပိုချက်တီနိုက (၄း၁)လေး၊ ဝေးလ်လက်ရွေးစင်အသင်းနည်းပြ ရိုင်ယန်ဂစ်က (၁ဝး၁)လေးဖြင့် အသီးသီး ရေပန်းစားနေကြကြောင်း ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။

 



■ မော်ရင်ဟို ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်းအတွက် အံ့အားသင့်မိကြောင်း အမ်မရီပြောကြား

    အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက မန်ယူအသင်းနည်းပြရာထူးမှ မော်ရင်ဟို ထုတ်ပယ်ခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး အလွန်အံ့အားသင့်မိကြောင်း စပါးအသင်းနှင့် ကစားရမည့် လိဂ်ဖလားပွဲအတွက် ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အမ်မရီက '' ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ဒီသတင်းက ကျွန်တော့်ကို အလွန်အံ့အားသင့်စေပြီး သတင်းကောင်းတစ်ခုတော့ မဟုတ်ပါဘူး။ ဘယ်နည်းပြမှ ဒီလိုမျိုး မဖြစ်ချင်ပါဘူး။ ဒီသတင်းမျိုးဟာ နည်းပြတွေအတွက် ကောင်းတဲ့သတင်းမဟုတ်ပါဘူး'' ဟုပြောကြားခဲ့သည်။

 

■ မော်ရင်ဟိုမှာ အလွန်တော်သည့် နည်းပြဖြစ်သူဟု ကလော့ပ်ပြောကြား

    လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရသော်လည်း မော်ရင်ဟို၏ အောင်မြင်မှုများကို လေးစားကြောင်းနှင့် ၄င်းမှာ အလွန်တော်သည့် နည်းပြတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကလော့ပ်က '' မော်ရင်ဟိုဟာ အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ရည်မှန်းချက်ကြီးမားတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုတွေက ယုံကြည်နိုင်ဖို့တောင်ခက်ပါတယ်။ သူ့ကိုကျွန်တော်လေးစားမှုအပြည့်ရှိပါတယ်။ ဘာပဲပြောပြော မန်ယူအသင်းမှာ သူအောင်မြင်ခဲ့တာတွေကို ဘယ်သူမှလွှင့်မပြစ်နိုင်ပါဘူး။ မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းက ထွက်ခွာသွားချိန်မှာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက အဖြစ်အပျက်တွေကို မေ့ပစ်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ သူဟာ အလွန်တော်တဲ့ နည်းပြပါ'' ဟုပြောကြားခဲ့သည်။

 



■မော်ရင်ဟို၏ မန်ယူအသင်းနည်းပြဘဝမှ ကိန်းဂဏာန်းအချို့

0 - နည်းပြဘဝတစ်လျှောက် မော်ရင်ဟိုအနေဖြင့် အနည်းဆုံး (၂) နှစ်ကျော်ကိုင်တွယ်သည့် အသင်းများတွင် ဒုတိယရာသီ၌ ဆုဖလားများရရှိလေ့ရှိသော်လည်း မန်ယူအသင်းတွင် ၄င်း၏ဒုတိယရာသီ၌ ဆုဖလားရယူနိုင်ခဲ့ခြင်းမရှိပေ။

4 - မော်ရင်ဟိုသည် နည်းပြဘဝတစ်လျှောက် အသင်း (၈) သင်းကိုင်တွယ်ခဲ့ပြီး ချယ်လ်ဆီးအသင်းကို ပထမဆုံးအကြိ်မ်ကိုင်တွယ်သည့်တစ်ကြိမ်သာ (၄) ရာသီအထိကိုင်တွယ်ခွင့်ရခဲ့သည်။

29 - ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) အပြီးတွင် မန်ယူအသင်း ပေးခဲ့ရသည့် ဂိုးအရေအတွက်ဖြစ်သည်။ ယင်းပမာဏမှာ အဆင့် (၁၉) မှ ဟတ်ဒါဖီးလ်အသင်း (ပေးဂိုး ၂၈ ဂိုး) ထက်ပိုများခဲ့ပြီး မန်ယူအသင်းထက် ဂိုးပိုပေးရသည့်အသင်းမှာ ဖူလ်ဟမ်၊ ကာဒစ်ဖ်၊ ဘန်လေနှင့် ဆောက်သမ်တန်တို့ဖြစ်သည်။

1.62 - မော်ရင်ဟိုလက်ထက်တွင် မန်ယူအသင်း၏ ပြိုင်ပွဲစုံ တစ်ပွဲပျမ်းမျှ သွင်းဂိုးဖြစ်ပြီး နည်းပြဟောင်း ဒေးဗစ်မွိုက်စ်လက်ထက်က တစ်ပွဲပျမ်းမျှသွင်းဂိုး (၁.၆၅) ဂိုးထက်ပိုနည်းခဲ့သည်။

83 - မန်ယူနှင့် မန်စီးတီးအသင်းတို့ကို မော်ရင်ဟိုနှင့် ဂွါဒီယိုလာတို့ ကိုင်တွယ်ပြီးနောက်ပိုင်း မန်စီးတီးအသင်းနှင့် မန်ယူအသင်း၏ သွင်းဂိုးကွာဟမှုဖြစ်သည်။ ယင်းကာလအတွင်း ပရီးမီးယားလိဂ် (၉၃) ပွဲတွင် မန်စီးတီးအသင်းက (၂၃၄) ဂိုးသွင်းခဲ့ပြီး မန်ယူအသင်းက (၁၅၁) ဂိုးသာသွင်းယူနိုင်ခဲ့သည်။

26 - ယခုရာသီတွင် ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) အပြီးမန်ယူအသင်း၏ရမှတ်ဖြစ်သည်။ ယင်းမှာ အသင်း၏ပရီးမီးယားလိဂ်သမိိုင်းတစ်လျှောက် ပွဲစဉ် (၁၇) အပြီးရမှတ်အနည်းဆုံးရာသီဖြစ်သည့် ၁၉၉၀-၉၁ ရာသီကရမှတ်နှင့်တူညီခဲ့သည်။

176 -  ပရီးမီးယားလိဂ်တွင် မော်ရင်ဟိုလက်ထက် မန်ယူအသင်းရရှိခဲ့သည့် ရမှတ်ဖြစ်သည်။ ယင်းကာလအတွင်း မန်စီးတီးအသင်းက (၂၂၂) မှတ်၊ စပါးအသင်းက (၂၀၂) မှတ်၊ ချယ်လ်ဆီအသင်းက ရမှတ် (၂၀၀) နှင့် လီဗာပူးလ်အသင်းက (၁၉၆) မှတ်အထိရရှိခဲ့သည်။