ဖာဂူဆန်နောက်ပိုင်း မော်ရင်ဟိုမှာ မန်ယူအသင်းအတွက်အကောင်းဆုံးနည်းပြဖြစ်သည်ဟု ဂျရတ်ဆို

ဖာဂူဆန်နောက်ပိုင်း မော်ရင်ဟိုမှာ မန်ယူအသင်းအတွက်အကောင်းဆုံးနည်းပြဖြစ်သည်ဟု ဂျရတ်ဆို
Photo: BBC
Photo: BBC
Published 19 December 2018

ရိန်းဂျားစ်အသင်းနည်းပြ စတီဗင်ဂျရတ်က နည်းပြရာထူးမှထုတ်ပယ်ခံခဲ့ရသည့် မော်ရင်ဟိုမှာ ဖာဂူဆန်နောက်ပိုင်း မန်ယူအသင်းအတွက် အကောင်းဆုံးနည်းပြဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

စတီဗင်ဂျရတ်သည် လီဗာပူးလ်အသင်းတွင် ကစားခဲ့စဉ်က မော်ရင်ဟိုနှင့် ပြိုင်ဘက်အဖြစ်ရင်ဆိုင်ဖူးသူဖြစ်သလို မော်ရင်ဟိုနှစ်သက်သည့် ကစားသမားဟောင်းတစ်ဦးလည်းဖြစ်သည်။ မော်ရင်ဟိုသည် ယခုရာသီပရီးမီးယားလိဂ်ပွဲစဉ် (၁၇) အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် (၁၉) မှတ်အထိကွာဟခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ 

သို့သော် ဂျရတ်က မော်ရင်ဟိုအကြောင်း မကောင်းပြောစရာ အကွက်မရှိဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရိန်းဂျားစ်အသင်း၏ သတင်းစာရှင်းလင်းပွဲတွင် ဂျရတ်က '' မော်ရင်ဟိုက အနိုင်ရသူတစ်ယောက်ပါ။ အဲဒီလိုလူမျိုးကို ဘယ်လိုလုပ်ကျွန်တော်က မကောင်းပြောနိုင်မှာလဲ။ သူဟာ ဘယ်အသင်းကို ကိုင်တွယ်သည်ဖြစ်စေ အောင်မြင်မှုရခဲ့တာချည်းပါပဲ။ မန်ယူအသင်းက သူ့ကို ထုတ်ပယ်လိုက်ပါတယ်။ ဒါပေမဲ့သူဟာ မန်ယူအသင်းကို ဖလား (၃) လုံးတောင်ရယူပေးနိုင်ခဲ့သူပါ။ ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်းမှာ သူဟာ မန်ယူအသင်းရဲ့အကောင်းဆုံးနည်းပြဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။