ဘတ်ဂျက်ခွင့်ပြုငွေများကို သတ်မှတ်ကာလအတွင်း အချိန်မီသုံးစွဲနိုင်မှု မရှိ၍ ပြန်လည်အပ်နှံခြင်းနှင့် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ တောင်းခံခြင်းတို့သည် ဘတ်ဂျက်ရေးဆွဲ အကောင်အထည် ဖော်ရခြင်း၏ အနှစ်သာရကို ထိခိုက်စေကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ သုံးသပ်

ဘတ်ဂျက်ခွင့်ပြုငွေများကို သတ်မှတ်ကာလအတွင်း အချိန်မီသုံးစွဲနိုင်မှု မရှိ၍ ပြန်လည်အပ်နှံခြင်းနှင့် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ တောင်းခံခြင်းတို့သည် ဘတ်ဂျက်ရေးဆွဲ အကောင်အထည် ဖော်ရခြင်း၏ အနှစ်သာရကို ထိခိုက်စေကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ သုံးသပ်
ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်)
ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်)
Published 13 December 2018
စိုးမင်းထိုက်၊ စည်သူ

ဘတ်ဂျက်ခွင့်ပြုငွေများကို သတ်မှတ်ကာလအတွင်း အချိန်မီသုံးစွဲနိုင်မှုမရှိ၍ အထွေထွေ ပိုလျှံရန်ပုံငွေသို့ ပြန်လည်အပ်နှံခြင်း၊ ပြန်လည်အပ်နှံငွေမှ ထုတ်ယူသုံးစွဲခြင်းနှင့် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ တောင်းခံဆောင်ရွက် ခြင်းတို့သည် ဘတ်ဂျက်ရေးဆွဲ အကောင်အထည်ဖော်ရခြင်း၏ အနှစ်သာရကို ထိခိုက်စေသော လုပ်ငန်းရပ်များ ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့သည်။

ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအားလုံး အနေဖြင့် ငွေသားစီမံချက်ကို စနစ်တကျ ရေးဆွဲဆောင်ရွက်စေခြင်း၊ ထိုသို့ရေးဆွဲ ဆောင်ရွက်နိုင်စေရေး အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ငွေသားစီမံချက်အတိုင်း လိုက်နာဆောင်ရွက်နိုင်စေရေး ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ခြင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်များနှင့် ပတ်သက်ပြီး တင်ဒါလုပ်ငန်းစဉ် ပြီးစီးမှု၊ တည်ဆောက်ရေးလုပ်ငန်း ပြီးစီးမှုတို့နှင့် ချိန်ကိုက်ထုတ်ယူသုံးစွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်သင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပြုထားသည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ငွေလုံးငွေရင်း သုံးစွဲမှုတွင် ဘဏ္ဍာရေးနှစ် ကျော်လွန်သုံးစွဲမှုကို ခွင့်ပြုခဲ့သော်လည်း ၂၀၁၆-၂၀၁ရနှင့်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သုံးစွဲမှုသည် ၂၀၁၄-၂၀၁၅နှင့်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် သုံးစွဲမှုများအောက်ပင် လျော့နည်း ကျဆင်းခဲ့ကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်ကို သတ်မှတ် လျာထားချက်အတိုင်း ပြည့်မီအောင် သုံးစွဲနိုင်မှု မရှိခြင်းကြောင့် လုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ခြင်း မရှိသည်နှင့်အမျှ ကုန်ကျစရိတ် ပိုမိုလာခြင်း၊ နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို တုံ့ဆိုင်းနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း၊ ငွေလုံးငွေရင်းသုံးစွဲမှု လျာထားချက် ပြည့်မီမှု မရှိခြင်းတွင် တင်ဒါလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်မှု မရှိခြင်းသည်လည်း အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်သည်ကို တွေ့ရကြောင်း ပူးပေါင်းကော်မတီက သုံးသပ်ထားသည်။

ထို့ပြင် တည်ဆဲအမိန့် ညွှန်ကြားချက်များအရ တင်ဒါလုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ် ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် သတ်မှတ်ထားပြီး ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလ အတွင်းတွင်တင် ဒါလုပ်ငန်းစဉ်များကို ပြီးစီးအောင် ဆောင်ရွက်နိုင်မှု မရှိသော လုပ်ငန်းများ ရှိနေသည့်အတွက် လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခြင်းကြောင့် ငွေကြေးဆုံးရှုံးမှု၊ လျာထားချက် မပြည့်မီမှုများလည်း ရှိနေသည်ဟု သုံးသပ်ကြောင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ရငွေသုံးငွေတွင် သာမန်ရငွေကို ရည်မှန်းချက်၏ ၉၉ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်ခဲ့သော်လည်း စုစုပေါင်းရငွေတွင် ၉၂ ရာခိုင်နှုန်းသာရှိကြောင်း၊ အဓိကမှာ ငွေလုံးငွေရင်း ရငွေနှင့် ကြွေးမြီရငွေများတွင် လျော့ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ကြွေးမြီရငွေတွင် ပြည်ပချေးယူငွေများကို လျာထားချက်၏ ၄၅ ရာ ခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ၎င်းချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် တည်ဆောက်ရေး လုုပ်ငန်းများကို နှောင့်နှေးကြန့်ကြာစေခဲ့ပြီး ငွေလုံးငွေရင်း သုံးစွဲမှုကိုပါ လျော့ကျစေခဲ့ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ထို့ပြင် သုံးငွေတွင် သာမန်သုံးငွေကို ရာခိုင်နှုန်း ၉၀ ခန့်သုံးစွဲနိုင်ခဲ့သော်လည်း ငွေရင်းသုံးငွေသည် ၇၈ ရာခိုင်နှုန်းသာ သုံးစွဲနိုင်ခဲ့ကြောင်း၊ငွေလုံးငွေရင်းသုံးစွဲမှု လျော့ကျခဲ့ခြင်းကြောင့် နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံများဖြစ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး အဆောက်အအုံများကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ထားသည်။