အိန္ဒိယနိုင်ငံ သမ္မတအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားစီ လက်ခံတွေ့ဆုံ

အိန္ဒိယနိုင်ငံ သမ္မတအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားစီ လက်ခံတွေ့ဆုံ
အိန္ဒိယနိုင်ငံ သမ္မတအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သီးခြားစီ လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)
အိန္ဒိယနိုင်ငံ သမ္မတအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သီးခြားစီ လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)
Published 12 December 2018
ဆန်းထူးအောင်

အိန္ဒိယနိုင်ငံသမ္မတအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာ ၁၁ ရက်တွင် သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်နှင့် ဇနီး ရှရီမတီ ဆာဗီးတာကိုဗင့်ဒ်တို့သည် ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သို့ ရောက်ရှိလာရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့က ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ကြောင်း၊ ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတသည် နိုင်ငံတော်သမ္မတ အိမ်တော် ဧည်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်တို့သည် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ ပဲမျိုးစုံ တင်ပို့နိုင်ရေးအတွက် သီးသန့်ကိုတာ (Quota) ခွင့်ပြုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများ အကူအညီပေးရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရောင်ခြည်စွမ်းအင်ကို  ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ ပြည်သူများ၏ဘဝ လုံခြုံအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင် အိမ်နီးချင်းကောင်း စိတ်ဓာတ်ဖြင့် အပြန်အလှန် ရိုင်းပင်းကူညီရေးတို့အတွက် အကူအညီပေးရေး၊ ကုလားတန်မြစ် ဘက်စုံစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးအတွက် အိန္ဒိယသမ္မတနိုင်ငံဘက်မှ ကူညီထောက်ပံ့ပေးနေမှုနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် ပုဂံဘုရားများ ပြုပြင်မွမ်းမံရေးတွင် အကူအညီပေးနေသည့်ကိစ္စ၊ နှစ်နိုင်ငံ ပြည်သူများ ပိုမိုရင်းနှီး ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မြဲတိုးတက်စေရေး၊ အိန္ဒိယနိုင်ငံသား ခရီးသွားများအတွက် မြန်မာနိုင်ငံဘက်မှ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်တို့သည် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံတော်သမ္မတနှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတတို့၏ ရှေ့မှောက်၌ ၂၀၁၈ - ၂၀၂၁ ခုနှစ်ကာလအတွက် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရတို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းရွက်မှု အစီအစဉ်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး ရှရီဗစ်ခရမ်မစ်ဆရီ တို့ကလည်းကောင်း၊ ပြည်ထောင်စု တရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတို့အကြား လက်မှတ်ရေးထိုးသည့် မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် သင်တန်းပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ပြည်ထောင်စု တရားသူကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်နှင့် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး ရှရီဗစ်ခရမ်မစ်ဆရီတို့ ကလည်းကောင်း လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည် နေရာချထားရေးအတွက် အိန္ဒိယဘက်မှ ထောက်ပံ့ပေးလျက်ရှိသည့် Prefabricated Houses အလုံး  ၂၅၀ အနက် တည်ဆောက်ပြီး ဖြစ်သည့် အိမ်အလုံး ၅၀ ကို PB Board ဖြင့် 

အိန္ဒိယသမ္မတနိုင်ငံ ကိုယ်စား သံအမတ်ကြီး ရှရီဗစ်ခရမ်မစ်ဆရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံစဉ် ချစ်ကြည်ရင်းနှီးမှု သမိုင်းကြောင်း ရှည်လျားသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား အိန္ဒိယနိုင်ငံမှ ထောက်ခံပြီး ဆက်လက် အကူအညီပေးအပ်သွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသနေ ပြည်သူများ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု အပြန်အလှန် မြှင့်တင်ရေးနှင့် အခြေခံ အဆောက်အအုံများ ပိုမိုကောင်းမွန်ရေးတို့အတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အိန္ဒိယနိုင်ငံ သံရုံးကို နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရေးအတွက် နေပြည်တော်တွင် ယာယီဆက်ဆံရေးရုံး ဖွင့်လှစ်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများတွင် အိန္ဒိယနိုင်ငံက ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတို့နှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

Most Read

Most Recent