ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် 

ချန်ပီယံလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် 
Photo: AFP
Photo: AFP
Published 11 December 2018

 

ဂါလာတာစာရေး နှင့် ပေါ်တို (ဗုဒ္ဓဟူးနံနက် ၁၂း၂၅ နာရီ)

ဂါလာတာစာရေးက ယူရိုပါလိဂ်ဝင်ခွင့်အတွက် အုပ်စုတတိယနေရာကို မျှော်လင့်ရမယ့်အသင်းဖြစ်ပြီး လိုကိုမိုးတစ်အသင်းထက် ပိုကောင်းတဲ့ရလဒ်ကို လိုအပ်နေတယ်။ နိုင်ပွဲရရင်တော့ လိုကိုမိုးတစ်ရဲ့အခြေအနေကို စောင့်စရာမလိုတော့ပါဘူး။ ပေါ်တိုက ဒီအုပ်စုမှာ အသင်းတိုင်းထက် သိသိသာသာပိုကောင်းနေတဲ့အသင်းဖြစ်ပြီး ပြည်တွင်းလိဂ်မှာလည်း နိုင်ပွဲဆက်နေတဲ့အသင်းပါ။ ဒါပေမဲ့ ဘာအတွက်မှ အမှတ်မလိုတဲ့အနေအထားက ဂါလာတာစာရေးကို တစ်မှတ်ရဖို့ မျှော်လင့်ချက်ရှိစေပါတယ်။ 

ရှော်လ်ကေး နှင့် လိုကိုမိုးတစ် (ဗုဒ္ဓဟူးနံနက် ၁၂း၂၅ နာရီ)

လိုကိုမိုးတစ်မော်စကိုက အုပ်စုအောက်ဆုံးမှာရပ်တည်နေတဲ့အသင်းဖြစ်ပြီး ယူရိုပါလိဂ်မျှော်လင့်ချက်အတွက် ကစားရမှာပါ။ ရှော်လ်ကေးကတော့ အုပ်စုကတက်ဖို့ သေချာနေသလို၊ အုပ်စုဗိုလ်ဖြစ်ဖို့လည်း မရှိတော့ဘူး။ ဒါကြောင့် အရေးမပါတဲ့ ပွဲတစ်ပွဲကို ကစားရမှာဖြစ်တယ်။ ဒါပေမဲ့ အိမ်ကွင်းပွဲစဉ်ဖြစ်နေတဲ့အပြင် လိုကိုမိုးတစ်မော်စကိုလိုအသင်းမျိုးကို အနိုင်ကစားဖို့ကလည်း အပြည့်အဝအားစိုက်စရာတောင်မလိုတဲ့အနေအထား ဖြစ်နေလို့ ရှော်လ်ကေးပဲ နိုင်ပါလိမ့်မယ်။

ကလပ်ဘရုဂေး နှင့် အက်သလက်တီကို (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

အက်သလက်တီကိုက ပထမအကျော့အိမ်ကွင်းမှာ ကလပ်ဘရုဂေးကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဒီအုပ်စုမှာ ထိပ်ဆုံးက ဦးဆောင်နေပြီး အုပ်စုဗိုလ်နေရာကို ဆက်ထိန်းနိုင်ဖို့အတွက် နိုင်ပွဲထပ်ရဖို့ လိုနေတယ်။ သရေဆိုရင် ဒေါ့မွန်ရဲ့ရလဒ်ကိုစောင့်ကြည့်ရမှာဖြစ်ပြီး ဒေါ့မွန်ကလည်း မိုနာကိုကွင်းမှာ နိုင်ဖို့များနေတဲ့အနေအထားပါ။ ဘရုဂေးကလည်း အမှတ်မလိုတော့တဲ့အသင်းဖြစ်လို့ အက်သလက်တီကိုမက်ဒရစ်ကို တားဆီးနိုင်ဖို့ မလွယ်ဘူး။ အက်သလက်တီကို နိုင်ပွဲရနိုင်တယ်။ 

မိုနာကို နှင့် ဒေါ့မွန် (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

မိုနာကိုနဲ့ အွန်နရီတို့ရဲ့လက်တွဲမှုက ပြည်တွင်းလိဂ်မှာအခြေမလှသလို၊ ချန်ပီယံလိဂ်မှာလည်း အဆင့်မမီသလိုဖြစ်နေတယ်။ ဒေါ့မွန်က အက်သလက်တီကို သရေကျဖို့မျှော်လင့်ရင်း ဒီပွဲကို အနိုင်ကစားထားရမယ့် အသင်းဖြစ်နေလို့ မိုနာကိုအသင်းကို အနိုင်ရဖို့ ရာနှုန်းပြည့်အားထုတ်မှာဖြစ်တယ်။ ခြေစွမ်း၊ ရလဒ်ပိုင်းတင်မဟုတ်ဘဲ ဘယ်လိုရလဒ်ထွက်ထွက် ယူရိုပါလိဂ်တောင် မဝင်နိုင်တော့တဲ့ အခြေအနေက မိုနာကိုအသင်းကို အားနည်းစေပါတယ်။ ဒေါ့မွန်ပဲ နိုင်မှာပါ။

ဘာစီလိုနာ နှင့် စပါး (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

ဘာစီလိုနာက ဒီအုပ်စုမှာ (၅)ပွဲကစား၊ (၄)ပွဲနိုင်၊ (၁)ပွဲသရေဆိုတဲ့ရလဒ်နဲ့ အပြတ်အသတ်ဦးဆောင်နေတဲ့အသင်းဖြစ်ပြီး ဒီပွဲရလဒ်က သူတို့အတွက် အရေးမပါတော့ပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂုဏ်သိက္ခာနဲ့ တောက်လျှောက်ပြန်တက်လာတဲ့ အရှိန်ကိုအရပ်တန့်ခံပြီး အိမ်ကွင်းမှာ အရှုံးပေးကစားမယ်ဆိုတာမျိုး မတွေးသင့်ဘူး။ ဒါ့အပြင် ချန်ပီယံလိဂ်ရဲ့ အုပ်စုအဆင့်နိုင်ပွဲတစ်ပွဲချင်းစီတိုင်းမှာ အနိုင်ရလဒ်အတွက် အပိုဆုကြေးမြင့်မားလို့ ဘာစီလိုနာ နိုင်ပွဲအတွက် အာရုံစိုက်ကစားပါလိမ့်မယ်။ လက်ရှိခြေစွမ်းအရ ဘာစီလိုနာက အကောင်းဆုံးပုံစံမှာရှိမနေဘူးလို့ ပြောလို့ရပေမယ့် နိုင်ပွဲတွေဆက်တိုက်ယူ နေဆဲဆိုတာတွေ့ရတယ်။ စပါးအသင်းရဲ့ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာလည်း အသင်းကြီးတွေကို ဘာစီလိုနာ အလဲထိုးနိုင်စွမ်း ရှိနေဆဲဆိုတာကို တွေ့ရတယ်။ စပါးက တန်ပြန်တိုက်စစ်အားကောင်းပြီး တိုက်စစ်ပိုင်းမှာ ဂိုးသွင်းစွမ်းရည်ရှိတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ဘာစီလိုနာအသင်းရဲ့ ကစားကွက်ထိန်းချုပ်မှုကို ကျော်နိုင်ဖို့ခက်သလို၊ မက်ဆီ၊ ဆွာရက်ဇ် တို့ကိုလည်း ထိန်းချုပ်ဖို့ခက်ခဲလိမ့်မယ်။ နူးကမ့်က အင်္ဂလန်ကလပ်အသင်းတွေအတွက် ရလဒ်ဆိုးလေ့ရှိတဲ့ ကွင်းတစ်ကွင်း ဖြစ်ပြီး စပါးအသင်းအနေနဲ့ ဒီပွဲကနေ အနိမ့်ဆုံးသရေတစ်မှတ်လိုအပ်နေတယ်ဆိုပေမယ့် သူတို့ရည်မှန်းချက်ပြည့်ဖို့ ခက်ပါ တယ်။ အမြန်နှုန်း၊ ကစားအား၊ စိတ်ပိုင်းဖြတ်မှုဆိုတဲ့အပိုင်းတွေမှာ စပါးသာတာမှန်ပေမယ့် ဘာစီလိုနာရဲ့ အတွေ့အကြုံနဲ့  ကစားကွက်တည်ဆောက်မှု၊ မက်ဆီတို့က ဒီပွဲကိုအဆုံးအဖြတ်ပေးသွားမှာပါ။ ဘာစီလိုနာ နိုင်မယ်။

အင်တာမီလန် နှင့် PSV (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

    အင်တာမီလန်က အိမ်ကွင်းမှာ အနိုင်ကစားထားဖို့လို တယ်။ စပါးအသင်းသာ ဘာစီလိုနာကွင်းမှာ သရေလောက်ခံက စားနိုင်ခဲ့ရင် အင်တာမီလန်က သရေကျလို့မရတဲ့အနေအထားပါ။ ဒါကြောင့် အိမ်ကွင်းနိုင်ပွဲရှာပြီး စပါးရဲ့ရလဒ်ကို စောင့်ကြည့် ရမယ့် သဘောဖြစ်နေတယ်။ လက်ရှိ အင်တာမီလန်ရဲ့ ရလဒ်ပိုင်းက အားရစရာသိပ်မရှိပေမယ့် ရုပ်ပျက်ဆင်းပျက်ဖြစ်တဲ့ပွဲ ရှားပါတယ်။ PSV ကွင်းမှာတုန်းက အီကာဒီရဲ့ နောက်ကျဂိုးနဲ့ နိုင်ပွဲရှာဖွေနိုင်ခဲ့သလို၊ မဖြစ်မနေအနိုင်ကစားရမယ့် ဒီပွဲမှာလည်း အင်တာမီလန်က အမှားခံမှာမဟုတ်ဘူး။ အိမ်ကွင်းမှာ သေချာပေါက်အနိုင်ကစားလိမ့်မယ်။

ဇဗက်ဒါ နှင့် PSG (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

ဇဗက်ဒါအတွက် မျှော်လင့်ချက်က ယူရိုပါလိဂ်ဝင်ခွင့်သာရှိပြီး ဖြစ်လာဖို့ကတော့ တော်တော်ခက်တယ်။ PSG ကို အိမ်ကွင်းမှာ အနိုင်ကစားရမှာဖြစ်သလို၊ လီဗာပူးလ်ကလည်း နာပိုလီကို အိမ်ကွင်းမှာ ရှုံးရမယ့်အနေအထားဖြစ်နေတယ်။ ဒါကြောင့် ဒီအခြေအနေကို မျှော်လင့်လို့မလွယ်တော့ဘဲ အိမ်ကွင်းမှာ ရှုံးပွဲမရှိတဲ့စံချိန်ကို ဆက်ထိန်းဖို့အတွက်သာ ကြိုးစား ရမှာဖြစ်တယ်။ PSG က ပထမအကျော့တုန်းက ဇဗက်ဒါအသင်းကို ဂိုးမိုးရွာထားတဲ့အသင်းဖြစ်တယ်။ ဒါပေမဲ့ ဇဗက်ဒါက အဝေးကွင်းမှာအသင်းတိုင်းကို ဂိုးပြတ်ရှုံးပြီး အိမ်ကွင်းမှာ ပေးဂိုးတောင်မရှိပါဘူး။ PSG နိုင်ဖို့ရှိပေမယ့် ဂိုးပြတ်ဖို့ခက်လိမ့်မယ်။ 

လီဗာပူးလ် နှင့် နာပိုလီ (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

ဒီပွဲအကြောင်းမပြောခင် ဒီပွဲမှာ တာဝန်ယူမယ့်ကွင်းလယ်ဒိုင် ဒါမီယာရှကိုမီနာနဲ့ပတ်သက်ပြီး ထူးခြားတဲ့မှတ်တမ်း တစ်ခုကို အရင်ပြောရရင် ဥရောပပွဲတွေမှာ နာပိုလီကို ရှကိုမီနာ (၄)ပွဲတာဝန်ယူဖူးခဲ့ပြီး (၃)ပွဲနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ ရိုးမား၊ ဖီအိုရင်တီးနားတို့နဲ့ပွဲတွေအပါအဝင် ရှကိုမီနာတာဝန်ယူတဲ့ပွဲ (၄)ပွဲစလုံးကို ရှုံးခဲ့တာတွေ့ရတယ်။ ဒီရာသီမှာ လိဂ်ပွဲတွေက ခြေစွမ်းကိုကြည့်ရင် လီဗာပူးလ်က ပိုကောင်းနေတာတွေ့ရပြီး ဥရောပပွဲတွေမှာတော့ နာပိုလီက ပိုကောင်းနေတယ်။ နာပိုလီက အုပ်စုတွင်းမှာ ရှုံးပွဲမရှိကစားထားတဲ့အသင်းဖြစ်ပြီး လီဗာပူးလ်နဲ့ အိမ်ကွင်းပွဲ၊ PSG နဲ့ ကစားခဲ့တဲ့ (၂)ကျော့ စလုံးမှာလည်း ပုံစံကောင်းပြနိုင်ခဲ့တာတွေ့ရတယ်။ လီဗာပူးလ်ကတော့ နာပိုလီ၊ PSG နဲ့ ဇဗက်ဒါတို့ကို အဝေးကွင်းတွေမှာ ရှုံးနိမ့်ခဲ့ပြီး အိမ်ကွင်းနိုင်ပွဲ(၂)ပွဲကြောင့်သာ မျှော်လင့်ချက်ရှိနေတဲ့အနေအထားဖြစ်တယ်။ ဒီပွဲမှာ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ (၁-၀) သို့မဟုတ် (၂)ဂိုးပြတ်အနိုင်ရဖို့လိုနေပြီး၊ နာပိုလီကတော့ သရေရလဒ်ကိုပဲ ဦးတည်ကစားရမှာပါ။ ကူလီဘလီ၊ မာတင်စ်၊ အင်ဆစ်ဂ်နီ၊ ဟမ်ဆစ်တို့က နာပိုလီအတွက် ခြေစွမ်းပြနေကြပြီး ဟန်ချက်ညီတာ၊ ကျစ်လျစ်ပြီး စုစည်းမှုအားကောင်းတာကလည်း နာပိုလီရဲ့အားသာချက်ဖြစ်တယ်။ လီဗာပူးလ်က နောက်ပိုင်းပွဲတွေမှာ ဂိုးပြန်မြူးလာတာတွေ့ရပြီး ဘုန်းမောက်နဲ့ပွဲမှာ ဆာလာ ဟက်ထရစ်သွင်းခဲ့တာကလည်း ဒီပွဲအတွက် ယုံကြည်မှုရှိစေမှာပါ။ ဒါပေမဲ့ မဖြစ်မနေအနိုင်ကစားရမယ့် တွန်းအားက ဖိအားလည်းဖြစ်နိုင်ပြီး နာပိုလီကလည်း မာကျောလို့ သရေကျသွားနိုင်တယ်။



 

Most Read

Most Recent