မန်ယူအသင်းအနေဖြင့် စပါးအသင်းနည်းပြ ပိုချက်တီနိုကို ခေါ်ယူမည်ဆိုပါက ပေါင်သန်း (၄၀)ကျော် ကုန်ကျမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။
နည်းပြ မော်ရင်ဟိုနှင့် မန်ယူအသင်းတို့အကြား တင်းမာမှုများမှာ ပိုမိုမြင့်တက်လာပြီး ၎င်း၏ နေရာတွင် စပါးအသင်းနည်းပြ ပိုချက်တီနိုကို အစားထိုးခန့်အပ်ရန် မန်ယူအသင်းတာဝန်ရှိသူများ စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။
ပရီးမီးယားလိဂ်ပွဲစဉ် (၁၅)အပြီးတွင် စပါးအသင်းသည် ရမှတ် (၃၃)မှတ်ဖြင့် အဆင့် (၃)နေရာ၌ ရပ်တည်နေပြီး၊ မန်ယူအသင်းမှာမူ ရမှတ် (၂၃)မှတ်ဖြင့် အဆင့် (၈)နေရာ၌ ရပ်တည်နေသည်။
အကယ်၍ ရလဒ်များ ဆက်လက်ဆိုးရွားနေပြီး ရာသီကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်ခဲ့မည်ဆိုပါက မန်ယူအသင်းအနေဖြင့် နည်းပြ မော်ရင်ဟိုကို လျော်ကြေးအနည်းငယ်ဖြင့် ရာထူးမှထုတ်ပယ်နိုင်မည် ဖြစ်သည်။
သို့သော် ပိုချက်တီနိုကိုသာ ခေါ်ယူမည်ဆိုပါက မန်ယူအသင်းအနေဖြင့် စပါးအသင်းနှင့် ပိုချက်တီနိုတို့ ချုပ်ဆိုထားသည့် စာချုပ်အတိုင်း လျော်ကြေးပေးရဖွယ်ရှိနေသည်။
အသက် (၄၆)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုသည် ပြီးခဲ့သည့်မေလက စပါးအသင်းနှင့် တစ်နှစ်လစာပေါင် (၈.၅)သန်း တန်ဖိုးရှိသည့် စာချုပ်ကို ၂၀၂၃ ခုနှစ်အထိ ချုပ်ဆိုထားခြင်း ဖြစ်သည်။
စပါးအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက ကွင်းတည်ဆောက်နေမှုကြောင့် ကစားသမားသစ်တစ်ဦးမှ ခေါ်ယူနိုင်ခဲ့ခြင်း မရှိပေ။ ယင်းအချက်ကို ပိုချက်တီနိုက စိတ်ပျက်နေပြီး လာမည့်အပြောင်းအရွှေ့ကာလများတွင်လည်း ငွေကြေးသုံးစွဲခွင့် နည်းပါးမည်ဆိုပါက အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။