ချို့တဲ့သည့် နေရာများသို့ လှူဒါန်းရန် ဖွင့်လှစ်မည့် MMA သင်တန်းတွင် အောင်လအန်ဆန် လာရောက်သင်ကြားမည်

ချို့တဲ့သည့် နေရာများသို့ လှူဒါန်းရန် ဖွင့်လှစ်မည့် MMA သင်တန်းတွင် အောင်လအန်ဆန် လာရောက်သင်ကြားမည်
ဓာတ်ပုံ-ညီညီစိုးညွန့်
ဓာတ်ပုံ-ညီညီစိုးညွန့်
Published 3 December 2018

Infinity Fitness (Inya Nranch) က ကြီးမှူးပြုလုပ်သော ချို့တဲ့သည့် နေရာများသို့ လှူဒါန်းနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် MMA သင်တန်းတွင် ONE ရွှေခါးပတ်နှစ်ခု ချန်ပီယံ အောင်လအန်ဆန် လာရောက် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသင်တန်းကို ဒီဇင်ဘာ ၁၃ ရက် တစ်ရက်သာ ဖွင့်လှစ်မည်ဖြစ်ပြီး နှစ်ချိန်ခွဲ၍ သင်ကြားပေးမည် ဖြစ်သည်။ သင်တန်းကို ညနေ ၄ နာရီမှ ၅ နာရီခွဲအထိ တစ်ကြိမ်၊ ညနေ ၆ နာရီမှ ၇ နာရီခွဲအထိ တစ်ကြိမ် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတစ်ချိန်တွင် သင်တန်းသား ၃၀ စီ လက်ခံသင်ကြား ပေးမည်ဖြစ်သည်။ သင်တန်းကြေးအဖြစ် ဒေါ်လာ ၅၀ နှင့် ၇၅ သတ်မှတ်ထားပြီး ရရှိသည့်ငွေကြေး အားလုံးကို ချို့တဲ့သည့် ကျောင်းသူ၊ ကျောင်းသားများထံ ပြန်လည် လှူဒါန်း သွားမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ယင်းသင်တန်းတွင် လာရောက်သင်ကြားပေးရန် ဒီဇင်ဘာ ဒုတိယပတ်တွင် ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်ပြီး ၎င်းကိုယ်တိုင်ဖွင့်လှစ်ရန် စီစဉ်ထားသည့် MMA သင်တန်းကျောင်း အတွက်ပါ စတင်ဆောင်ရွက်ဖွယ်ရှိနေသည်။ အောင်လအန်ဆန်သည် လာမည့်နှစ်တွင် ထိုးသတ်ရမည့် ONE လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအတွက် လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး မတ်လတွင် ထိုးသတ်ရဖွယ် ရှိနေသည်။ အောင်လအန်ဆန်သည် ယခုနှစ် အတွင်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲများသာ ထိုးသတ်ရသေးပြီး လိုက်ဟဲဗီးဝိတ ်ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲကိုမူ လာမည့်နှစ်မှသာ ပထမဆုံး ယှဉ်ပြိုင်ထိုးသတ် ရမည်ဖြစ်သည်။

အောင်လအန်ဆန်သည် One Championships မှ ကြီးမှူးကျင်းပလျက်ရှိသည့် MMA ပြိုင်ပွဲ၏ ၀ိတ်တန်းနှစ်ခု ချန်ပီယံအဖြစ် ရပ်တည်လျက်ရှိပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆ ုကာကွယ်ပွဲ နှစ်ပွဲ ထိုးသတ်ထားရာ နှစ်ပွဲစလုံး အနိုင်ရထားသည်။ အောင်လအန်ဆန်သည် နောက်ဆုံးပွဲအဖြစ် အောက်တိုဘာက မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် လက်ဘနွန်နိုင်ငံသား ကရာကီ နှင့် ထိုးသတ်ရာ ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

Most Read

Most Recent