အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီယူခဲ့တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်

အိမ်ကွင်းမှာ နိုင်ပွဲကိုယ်စီယူခဲ့တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်
Photos: AFP
Photos: AFP
Published 2 December 2018



ပရီးမီးယားလိဂ်ပွဲစဉ် (၁၄) တနင်္ဂနွေညရဲ့ လန်ဒန်ဒါဘီ (၂) ပွဲမှာတော့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ ဖူလ်ဟမ်နဲ့ စပါးတို့ကို အသီးသီးအနိုင်ယူပြီး အမှတ်ပေးဇယားမှာ တစ်ဆင့်စီတက်လှမ်းခဲ့ကြပါတယ်။

အစောပိုင်းမှာယှဉ်ပြိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ပွဲစဉ်မှာတော့  ချယ်လ်ဆီးအသင်း အိမ်ကွင်းမှာနိုင်ပွဲပြန်ရဖို့အတွက် လူစုံထုတ်ခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ ဂျရူးနဲ့ ပတ်ဒရိုကိုထည့်သွင်းကာ အပြောင်းအလဲလုပ်ခဲ့ပါတယ်။

အနောက်လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တာကြောင့် ဖူလ်ဟမ်အသင်းဟာ ချယ်လ်ဆီးအသင်းဆီက ရမှတ်ယူဖို့ကြိုးစားခဲ့ပြီး အကောင်းဆုံးတုံ့ပြန်ကစားနိုင်ဖို့ ပြင်ဆင်လာခဲ့တာပါ။

ပွဲစကတည်းက ချယ်လ်ဆီးတို့ ဖူလ်ဟမ်အသင်းဘက်ကို ကစားကွက်အသာစီးယူဖို့ကြိုးစားခဲ့ပြီး အဖွင့်ဂိုးကိုလည်း စောစောစီးစီးရခဲ့လို့ လက်ကျန်မိနစ်တွေမှာ သက်သောင့်သက်သာနဲ့ ကစားနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအတွက်အဖွင့်ဂိုးကို ပွဲချိန် (၄) မိနစ်မှာပဲ ကွန်တေရဲ့ပေးပို့မှုကနေ ပတ်ဒရိုက ဖူလ်ဟမ်နောက်ခံလူကိုတစ်ချက်ခေါက်ကာ ဂိုးသမားဘယ်ဘက်ထောင့်ထဲကန်သွင်းယူခဲ့ပါတယ်။

ဒီဂိုးဟာ ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အိမ်ကွင်းသွင်းဂိုး (၁၀၀၀) ပြည့်တဲ့ပွဲဖြစ်ခဲ့ပြီး မန်ယူ (၁၀၇၉) ဂိုး၊ အာဆင်နယ် (၁၀၃၃) ဂိုးတို့နောက် တတိယသွင်းဂိုးအများဆုံးအသင်းအဖြစ် ရပ်တည်နေခဲ့ပါတယ်။

ဂိုးရပြီးချိန်မှာ ချယ်လ်ဆီးတို့ ပွဲကိုထိန်းကစားခဲ့လို့ ကစားကွက်အသာစီးရတာကလွဲလို့ အခွင့်အရေးကြီးကြီးမားမားမရခဲ့ပါဘူး။

ဖူလ်ဟမ်အသင်းကလည်း တန်ပြန်တိုက်စစ်တွေကနေ ချေပဂိုးအတွက်ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ခံစစ်ပိုင်းကိုတော့ ကျော်ဖြတ်နိုင်ခြင်းမရှိလို အချည်းအနှီးဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းမှာ  (၁-၀) ဂိုးနဲ့သာပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်း ကစားအားတင်ခဲ့လို့ အခွင့်အရေးတွေပြန်ရလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် ဒုတိယဂိုးကိုတော့ ပွဲချိန် (၈၂) မိနစ်မှာ ဟာဇက်ရဲ့ပေးပို့မှုကနေ လူစားဝင်ကစားသမား လော့ဖ်တပ်ချိစ်က ကန်သွင်းယူသွားခဲ့တာပါ။

ဒီဂိုးဟာ လော့ဖ်တပ်ချိခ်အတွက် ချယ်လ်ဆီအသင်းအတွက် ပြိုင်ပွဲစုံနောက်ဆုံး (၆) ပွဲမှာ (၅) ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး၊ သူ့ရဲ့ကစားသမားဘဝ ပထမဆုံးပွဲ (၆၀)က သွင်းဂိုးအရေအတွက် (၄) ဂိုးထက်လည်းပိုများခဲ့ပါတယ်။

လက်ကျန်မိနစ်တွေမှာ ချယ်လ်ဆီးအသင်းက အနိုင်ရလဒ်ကိုထိန်းကစားသွားခဲ့ပြီး (၂-၀) ဂိုးနဲ့အနိုင်ယူကာ အဆင့် (၃) နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒုတိယပွဲစဉ်ဖြစ်တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာတော့ အာဆင်နယ်အသင်းက အိမ်ကွင်းမှာ စပါးအသင်းကို (၄-၂) ဂိုးနဲ့အနိုင်ယူပြီး အဆင့် (၄) နေရာကိုတက်လှမ်းနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး (၁၁) ပွဲဆက်ရှုံးပွဲမရှိထားတဲ့ အာဆင်နယ်အသင်းနဲ့ နောက်ဆုံး (၃) ပွဲဆက်အနိုင်ရရှိထားတဲ့ စပါးအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ သွင်းဂိုးတွေနဲ့ဖျော်ဖြေမှုပေးခဲ့ပြီး အကြိတ်အနယ်ဒါဘီပွဲတစ်ပွဲကိုခံစားခဲ့ရတာပါ။

နှစ်သင်းစလုံး ရလဒ်ကောင်းဖို့လူစုံထုတ်ခဲ့ပြီး ပထမပိုင်းမှာ စပါးအသင်းကပိုကောင်းတဲ့ကစားဟန်ကိုပြန်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းကတော့ အာဆင်နယ်အသင်းအတွက်ဖြစ်ခဲ့ပါတယ်။

ဒီပွဲရဲ့အဖွင့်ဂိုးကိုရရှိသွားတာကတော့ အာဆင်နယ်အသင်းပါ။

အာဆင်နယ်အသင်းရဲ့ထောင့်ကန်ဘောပေးပို့မှုကို စပါးနောက်ခံလူ ဗာတွန်ဂန်တားဆီးရာမှာ လက်နဲ့ဟန့်ခဲ့လို့ အာဆင်နယ်အသင်းပယ်နယ်တီရခဲ့ပြီး ပွဲချိန် (၁၀) မိနစ်မှာ အူဘာမီယန်းက အမှားအယွင်းမရှိကန်သွင်းယူကာ အဖွင့်ဂိုးဖြစ်စေခဲ့ပါတယ်။

ဒါပေမဲ့စပါးအသင်းကကစားအားကောင်းကောင်းနဲ့ ချေပဂိုးအတွက်ကြိုးစားခဲ့သလို အာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းဟာကွက်တွေက စိတ်ပျက်စရာဖြစ်ခဲ့တာပါ။

စပါးအသင်းအတွက် ချေပဂိုးကို ပွဲချိန်မိနစ် (၃၀) မှာ အဲရစ်ဆင်ရဲ့ပြစ်ဒဏ်ဘောဖြတ်တင်ပေးပို့မှုကို ဒိုင်ယာက ထောင့်ကျဉ်းထဲကို ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ချေပဂိုးရပြီး (၄) မိနစ်အကြာမှာပဲ စပါးအသင်းဦးဆောင်ဂိုးရခဲ့ပါတယ်။

ဆွန်ဟောင်မင်ကို ပယ်နယ်တီစည်းထဲမှာ အာဆင်နယ်နောက်ခံလူတွေ ကစားပုံကြမ်းခဲ့လို့ စပါးအသင်း ပယ်နယ်တီရခဲ့ပြီး (၃၄) မိနစ်မှာ ဟာရီကိန်းက အမှားအယွင်းမရှိကန်သွင်းကာ ဦးဆောင်ခဲ့ပါတယ်။

ပထမပိုင်းမှာ စပါးအသင်းက (၂-၁) ဂိုးနဲ့ဦးဆောင်နေပြီး ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်း ခံစစ်ပိုင်းဟာကွက်တွေပြင်နိုင်ခဲ့သလို၊ မစ်ခီတာရီယန်နဲ့ အီဝိုဘီနေရာမှာ ရမ်ဆေးနဲ့ လာကာဇက်ကို ထည့်သွင်းကာ တိုက်စစ်ပိုင်းပြောင်းလဲခဲ့လို့ ကစားပုံက အကောင်းဆုံးပုံစံကိုရခဲ့တာပါ။

ဒုတိယပိုင်း (၅၆) မိနစ်မှာတော့ အာဆင်နယ်အသင်း ချေပဂိုးရခဲ့ပြီး ဘယ်လာရင်ရဲ့လှပတဲ့ဖြတ်တင်ပေးပို့မှုကနေ ရမ်ဆေး ခင်းပေးတဲ့ဘောလုံးကို အူဘာမီယန်းက မနားတမ်းကန်သွင်းယူခဲ့တာပါ။

ဒီဂိုးဟာ အူဘာမီယန်းအတွက် ဒီရာသီ (၁၀) ဂိုးမြောက်လိဂ်သွင်းဂိုးဖြစ်သလို၊  ၂၀၀၇ အောက်တိုဘာလနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဂိုးပေါက်တည့်ကန်သွင်းမှု (၁၀) ကြိမ်ဆက်ရခဲ့တဲ့ ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

ချေပဂိုးရပြီးချိန်မှာ အာဆင်နယ်အသင်းကစားကွက်စီးသွားခဲ့ပြီး စပါးခံစစ်နဲ့ ဂိုးသမားလိုရစ်တို့ရဲ့ပေါ့ဆမှုတွေက နောက်ထပ်ဂိုးတွေကိုဖြစ်စေခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက်တတိယဂိုးကို ပွဲချိန် (၇၄) မိနစ်မှာ ရမ်ဆေးရဲ့ပေးပို့မှုကနေပဲ လာကာဇက်က အနိမ့်ဘောကန်သွင်းယူခဲ့တာဖြစ်ပြီး၊ နောက်ဆုံးဂိုးကိုတော့ ပွဲချိန် (၇၇) မိနစ်မှာ အူဘာမီယန်းရဲ့ပေးပို့မှုကနေ တော်ရဲရားက သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးအဖြစ်ကန်သွင်းယူခဲ့တာပါ။

လက်ကျန်မိနစ်မှာတော့ နှစ်သင်းစလုံးအခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တော့ဘဲ ပွဲအပြီးမှာ အာဆင်နယ်အသင်းက (၄-၂) ဂိုးနဲ့အနိုင်ယူပြီး စပါးအသင်းကို ဂိုးကွာခြားချက်အသာနဲ့ ကျော်ဖြတ်ပြီး အဆင့် (၄) နေရာရောက်ခဲ့ပါတယ်။

 

 

 

Most Read

Most Recent