ယနေ့ကမ္ဘာကြီးတွင် ချမ်းသာကြွယ်ဝမှုနှင့် သြဇာတိက္ကမ မရှိသော နိုင်ငံများ၏ လိုအပ်ချက်များနှင့် အကန့်အသတ်ရှိမှုများကို အလေးပေး စဉ်းစားခြင်းမရှိဘဲ အင်အားကြီးနိုင်ငံများက စံနှုန်းများ သတ်မှတ်ပြဋ္ဌာန်းလာမှု တွေ့မြင်နေရဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ယနေ့ကမ္ဘာကြီးတွင် ချမ်းသာကြွယ်ဝမှုနှင့် သြဇာတိက္ကမ မရှိသော နိုင်ငံများ၏ လိုအပ်ချက်များနှင့် အကန့်အသတ်ရှိမှုများကို အလေးပေး စဉ်းစားခြင်းမရှိဘဲ အင်အားကြီးနိုင်ငံများက စံနှုန်းများ သတ်မှတ်ပြဋ္ဌာန်းလာမှု တွေ့မြင်နေရဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ရှိ Hyatt Regency ဟိုတယ်တွင် ဒီဇင်ဘာ ၁ ရက်က ကျင်းပသော အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားစဉ်
နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ရှိ Hyatt Regency ဟိုတယ်တွင် ဒီဇင်ဘာ ၁ ရက်က ကျင်းပသော အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားစဉ်
Published 2 December 2018
မင်းနိုင်စိုး

ယနေ့ကမ္ဘာကြီးတွင် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးထားမှု စံနှုန်းများကို နေရာပေးမှု မရှိတော့သည့် အနေအထားတွင် ရှိနေပြီး ချမ်းသာ ကြွယ်ဝမှုနှင့် သြဇာတိက္ကမ မရှိသော နိုင်ငံများ၏ လိုအပ်ချက်များနှင့် အကန့်အသတ် ရှိမှုများကို အလေးပေးစဉ်းစားခြင်း မရှိဘဲ အင်အားကြီးနိုင်ငံများက စံနှုန်းများ သတ်မှတ်ပြဋ္ဌာန်းလာမှုကို တွေ့မြင်နေရသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ရှိ Hyatt Regency ဟိုတယ်တွင် ဒီဇင်ဘာ ၁ ရက်က ကျင်းပသော အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ထည့်သွင်း ပြောကြားခြဲ့ခင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

မည်သူမျှ အငြင်းမပွားနိုင်သော တစ်ကမ္ဘာလုံးနှင့် ဆီလျော်မှုရှိသော တန်ဖိုးထားမှု စံနှုန်းများသည် ရှိနှင့်ပြီးဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဗြဟ္မဝိဟာရ တရားများ ဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့သည် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြုသဘောဆောင်သော မိတ်ဖက်ပြုမှုတို့ကို ကာလဒေသမရွေး ဖော်ဆောင်ပေးနိုင်သော စံနှုန်းများဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပျော်ရွှင်မှုကင်းမဲ့ပြီး ရှုပ်ထွေးခက်ခဲသော အခြေအနေများမှ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို ဖန်တီးဖော်ဆောင်နိုင်ရေးအတွက် ကြီးမားလေးလံသော တာဝန်ကို ထမ်းရွက်နေရချိန်ဖြစ်ပြီး ထိုသို့သော အချိန်တွင် ယနေ့ကြုံတွေ့နေရသည့် အရေးပါသော စိန်ခေါ်မှုများကို ငြိမ်းချမ်းရေးအတွက် တန်းတူ မိတ်ဖက်ပြု ဆောင်ရွက်ရေးအပေါ် မြန်မာနိုင်ငံနှင့် ယုံကြည်ချက်ချင်း တူညီသော မိတ်ဆွေစစ်များ ရရှိမည့် အခွင့်အလမ်းများအဖြစ် ရှုမြင်ထားကြောင်းလည်း ၎င်းက အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် ယနေ့ကမ္ဘာကြီးသည် မသေချာ မရေရာမှုများ၊ ကုန်သွယ်ရေး တင်းမာမှုများနှင့် အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုများကို အထူးသဖြင့် မြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရပြီး သမားရိုးကျနှင့် သမားရိုးကျ မဟုတ်သော ခြိမ်းခြောက်မှုများသည် ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေလျက်ရှိကာ တစ်ခါတစ်ရံတွင် မမျှော်လင့်သော နေရာမှ ပေါ်ထွက်လာသည်ကို တွေ့မြင်ရသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်များ၊ အကြမ်းဖက်မှုများ၊ စားနပ်ရိက္ခာရှားပါးမှု၊ ရောဂါဘယများ၊ ရွှေ့ပြောင်းသွားလာမှုနှင့် နေရပ်စွန့်ခွာမှု၊ ဆင်းရဲနွမ်းပါးမှု၊ တရားမမျှတမှု၊ ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှုနှင့် မတူကွဲပြားမှုအပေါ် လက်မခံမှုများ ဖုံးလွှမ်းနေသော သတင်းဖြစ်စဉ်များကို နေ့စဉ်ဘဝတွင် အမြဲမပြတ် ကြားသိနေရပြီး အပြုသဘော မဆောင်သော အင်အားစုများသည်လည်း နေရာတိုင်းတွင် ရှိနေကြကာ ငြိမ်းချမ်းရေး၏ အခြေခံ အုတ်မြစ်များကို တိုက်စားဖျက်ဆီးလျက် ရှိနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကမ္ဘာပေါ်တွင် မည်သည့် နိုင်ငံမျှ တစ်နိုင်ငံတည်း ရပ်တည်ရှင်သန်၍ မရနိုင်ဘဲ အမျိုးသား အကျိုးစီးပွားကို ဖော်ထုတ်ရန်နှင့် ကာကွယ်ရန်၊ ငြိမ်းချမ်းရေးနှင့် အကျိုးတူ သာယာဝပြောရေးတို့ ရရှိရန်အတွက် နိုင်ငံတိုင်းသည် နှစ်နိုင်ငံချင်းဖြစ်စေ၊ ဒေသတွင်း အချင်းချင်းဖြစ်စေ ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း၊ အပြန်အလှန် မှီခိုနေထိုင်ကြရသော ယနေ့ကမ္ဘာကြီးတွင် ငြိမ်းချမ်းမှုကို ရှေးရှုသော ယဉ်ကျေးမှုတစ်ရပ်ကို တိုးမြှင့်ဖော်ထုတ်ခြင်း နည်းလမ်းဖြင့်သာ မတူကွဲပြားသော လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ဒင်္ဂါးတစ်ခု၏ မျက်နှာနှစ်ဖက်သဖွယ် အပြန်အလှန် ဒွန်တွဲလျက်ရှိပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည် အဓိက လိုအပ်ချက်တစ်ခု ဖြစ်ကြောင်းကို အထွေအထူး ရှင်းပြရန် လိုအပ်မည် မထင်ကြောင်း၊ ထို့ပြင် ငြိမ်းချမ်းမှု တည်တံ့ခိုင်မြဲခြင်း ဆိုသည်မှာ ပဋိပက္ခ သို့မဟုတ် စစ်ပွဲများ မရှိရုံသက်သက်မျှသာ မဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေး ဆိုသည်မှာ အင်အားသုံး ဖော်ဆောင်ရသော ယာယီအခြေအနေတစ်ရပ် မဟုတ်ကြောင်းလည်း ၎င်းက ယခုအစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ပဋိပက္ခတွေရဲ့ အခြေခံ အကြောင်းရင်းဟာ နာကျင်စေလိုခြင်းနဲ့ ဖျက်ဆီးလိုခြင်းကို ဦးတည်ဆောင်ရွက်တဲ့ မကောင်းသော စိတ်ဆန္ဒဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပဋိပက္ခဖြစ်ပေါ်မယ့် လမ်းစကို ပွင့်သွားစေမှာဖြစ်ပြီး အဲဒီကမှ တစ်ဆင့် အမုန်းတရားနှင့် အကြောက်တရား အဆိုးသံသရာ စက်ဝန်းကို အမြဲတမ်း အသစ်တစ်ဖန် ဖြစ်ပေါ်လာစေပြီး ငြိမ်းချမ်းရေး အလင်းရောင်ကို မှေးမှိန်စေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ အဆိုးသံသရာစက်ဝန်းကို ဖောက်ထွက်ပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ပြန်လည် ထွန်းတောက်လာစေရန် အတွက် မိမိတို့အနေဖြင့် လူ့သဘာဝ၏ ကောင်းမွန်သော စရိုက်လက္ခဏာများ ရှင်သန်လာစေရန် ငြိမ်းချမ်းရေးကို ရှေးရှုသော ယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက် သွားကြရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

 

Most Read

Most Recent