ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါက ပြီးခဲ့သည့်တစ်ပတ်က စပါးအသင်းအား (၁-၃) ဂိုးဖြင့်ရှုံးနိမ့်ခဲ့ခြင်းအတွက် ဆင်ခြေပေးစရာမရှိကြောင်းနှင့် ယင်းနာကျင်မှုကို အသုံးချကာ ဖူလ်ဟမ်နှင့်ပွဲစဉ်ကို အနိုင်ကစားကြရန် အသင်းဖော်များကို တိုက်တွန်းခဲ့သည်။
နည်းပြဆာရီ၏ ချယ်လ်ဆီးအသင်းသည် နိုဝင်ဘာ (၂၄) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးကိုရှုံးနိမ့်ပြီးနောက် ယခုရာသီပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါပွဲစဉ်တွင် ကစားသမားများ ခြေစွမ်းမပြနိုင်ခဲ့သည့်အတွက် နည်းပြဆာရီက ဝေဖန်မှုများပြုလုပ်ခဲ့သည်။
ရူဒီဂါက '' စပါးနဲ့ပွဲမှာ ကျွန်တော်တို့အသင်း ဘာမှားခဲ့တယ်ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ တစ်ခါတလေမှာ ကစားသမားတစ်ယောက်၊ နှစ်ယောက် ပုံမှန်ခြေစွမ်းမရတာက တစ်သင်းလုံးကိုထိခိုက်တာမျိုးရှိတတ်ပါတယ်။ အဲဒါမျိုးဖြစ်လာပြီဆိုရင် အဲဒီအသင်းအနေနဲ့ ရှုံးနိမ့်ဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ပွဲတစ်ပွဲရှုံးပြီဆိုရင် အဲဒါတွေကိုပဲ ထိုင်ပြောနေလို့မဖြစ်ပါဘူး။ ဘာပဲပြောပြော အဲဒါတွေက ဆင်ခြေတွေဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လုပ်နိုင်တာကတော့ ပြီးခဲ့တဲ့ အရှုံးကသင်ခန်းစာယူပြီး အကောင်းဆုံးပြန်လည်နိုးထလာဖို့ပါ။ အရှုံးရလဒ်ကနေ ကျွန်တော်တို့ရုန်းထွက်ပြရပါမယ်'' ဟုပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ဒီဇင်ဘာ (၂) ရက်နေ့တွင် ဖူလ်ဟမ်အသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် စိတ်လှုပ်ရှားမိကြောင်း ရူဒီဂါက ဆိုခဲ့သည်။
'' ဖူလ်ဟမ်က လန်ဒန်အခြေစိုက် ကလပ်အသင်းဖြစ်လို့ ကျွန်တော်တို့နဲ့ကစားမယ့်ပွဲက လန်ဒန်ဒါဘီပေါ့ဗျာ။ ဒါဘီဆိုတာက ပရိသတ်တွေအတွက် အရမ်းအရေးကြီးပါတယ်။ ဒါဟာ ကျွန်တော့်အတွက်တော့ ဖူလ်ဟမ်နဲ့ ပထမဆုံးအကြိမ်ကစားမယ့်ပွဲဖြစ်လာမှာပါ။ ဒါကြောင့် ဒီပွဲကိုအလေးထားပြီး အနိုင်ရဖို့အတွက် ကြိုးစားသွားမှာပါ'' ဟု ရူဒီဂါက ပြောကြားခဲ့သည်။