စပါးကွင်းလယ်လူ လူးကပ်စ်မော်ရာက PSG အသင်းတွင် မိမိအပေါ်အူနိုင်းအမ်မရီ၏ဆက်ဆံပုံ မှားယွင်းခဲ့ကြောင်းကို လာမည့်အာဆင်နယ်နှင့်ပွဲတွင် အကောင်းဆုံးသက်သေပြသွားမည်ဟု ကြုံးဝါးပြောဆိုသွားခဲ့သည်။
လူးကပ်မော်ရာသည် PSG အသင်းတွင် အမ်မရီ၏လက်အောက်တွင် ကစားစဉ်က ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရသည်။
ထို့ကြောင့် မော်ရာသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ရာသီက စပါးအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိအချိန်တွင် ခြေစွမ်းပြကစားလျက်ရှိနေသည်။
လူးကပ်မော်ရာက “ကျွန်တော့်ရဲ့စွမ်းဆောင်ရည်နဲ့ အရည်အသွေးကို ယုံကြည်ပါတယ်။ ကျွန်တော့်မှာ အရည်အသွေးကောင်းတွေရှိတယ်ဆိုတာကို အမ်မရီကိုသက်သေပြသွားမှာပါ။ ပြီးခဲ့တဲ့ ၅ လ၊ ၆ လလောက် PSG မှာ ဘာဖြစ်ခဲ့သလဲဆိုတာကို မေ့လိုက်ပါပြီ။ ပီအက်စ်ဂျီမှာ ကျွန်တော်ကစားရင်း ဆုဖလားတွေအများကြီး ပိုင်ဆိုင်ပြီး ပျော်ရွှင်ခဲ့တယ်လို့ပဲ တွေးလိုက်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော့်အနေနဲ့ ဘဝရဲ့အချိုးအကွေ့တစ်ခု၊ စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်နေရတယ်။အရေးကြီးဆုံးအရာက ဒီမှာ ကျွန်တော်ပျော်ရွှင်နေဖို့ပါပဲ”ဟု ဆိုခဲ့သည်။
လူးကပ်စ်မော်ရာသည် ယခုရာသီတွင် စပါးအသင်းနည်းပြ ပိုချက်တီနိုလက်အောက်၌ အဓိကကစားသမားတစ်ဦးအဖြစ်ပါဝင်ပွဲထွက်လျက်ရှိပြီး ပရီးမီးယားလိဂ် (၁၀)ပွဲကစားခဲ့ရာတွင် (၃)ဂိုးသွင်းယူပေးထားသည်။