ဂျူဗင်တပ်စ်နှင့် သတင်းများကို ဂါရတ်ဘေးလ်၏အေးဂျင့် ငြင်းဆန်ခြင်းမရှိ

ဂျူဗင်တပ်စ်နှင့် သတင်းများကို ဂါရတ်ဘေးလ်၏အေးဂျင့် ငြင်းဆန်ခြင်းမရှိ
Photo: Real Madrid via Getty Images
Photo: Real Madrid via Getty Images
Published 30 November 2018

 

ရီးယဲလ်မက်ဒရစ်အသင်းတောင်ပံကစားသမား ဂါရတ်ဘေးလ်၏ အေးဂျင့်ဖြစ်သူ ဘားနက်က ဘေးလ်အနေဖြင့် ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိနေသည်ဆိုသောသတင်းများကို ငြင်းဆန်ရန် မရှိကြောင်း အီတလီအားကစားသတင်းစာ Tuttosport သို့ ပြောကြားခဲ့သည်။

အသက် (၂၉)နှစ်အရွယ်ရှိ ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ယခင်က ရီးယဲလ်မက်ဒရစ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့် နည်းပါးခဲ့ခြင်းကို ဒေါသထွက်ကာ အသင်းမှထွက်ခွာရန် စီစဉ်ခဲ့ဖူးသူဖြစ်ပြီး ၎င်းကိုခေါ်ယူရန် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။

ဂါရတ်ဘေးလ်၏ အေးဂျင့်ဖြစ်သူ ဘားနက်က ဘေးလ်မှာ လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်း၌ ပျော်ရွှင်နေသော်လည်း အသင်းမှထွက်ခွာနိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘားနက်က "လက်ရှိအချိန်မှာတော့ ဂါရတ်ဘေးလ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ အနာဂတ်အကြောင်းကို ပြောမယ်ဆိုရင် အပြောင်းအရွှေ့စျေးကွက်မှာ မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ စီရော်နယ်လ်ဒိုကို ဆုံးရှုံးလိုက်ရတာက ရီးယဲလ်မက်ဒရစ်အသင်းကို အထိနာစေခဲ့ပါတယ်။ ဘေးလ်က စီရော်နယ်လ်ဒိုနဲ့ အသင်းတစ်သင်းတည်းမှာ တွဲဖက်ပြီး ကစားရတာကို နှစ်သက်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလည်း သူပျော်နေပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ထိပ်တန်းအသင်းတစ်သင်းမှာ ကစားနေရလိုပါပဲ။ စီရော်နယ်လ်ဒို ရောက်ရှိလာတာက စီးရီးအေပြိုင်ပွဲရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်ခဲ့ပြီး ကစားသမားတွေရဲ့ ပြိုင်ပွဲအပေါ် အမြင်ဟာလည်း ပြီးခဲ့တဲ့ရာသီကနဲ့ မတူတော့ပါဘူး"ဟု ပြောကြားခဲ့သည်။

ဂါရတ်ဘေးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် စီရော်နယ်လ်ဒိုနှင့် (၅)ရာသီ တွဲဖက်ကစားသူဖြစ်ပြီး စီရော်နယ်လ်ဒိုမှာ ၎င်း၏စံပြကစားသမားဖြစ်သည်ဟုလည်း ဝန်ခံထားသူ ဖြစ်သည်။

ဂါရတ်ဘေးလ်သည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲကစားပေးထားကာ (၆)ဂိုး သွင်းယူပေးထားသည်။

Most Read

Most Recent