အဂတိကို ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ပြခြင်း

အဂတိကို ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ပြခြင်း
Published 28 November 2018

ဖိလစ်ပိုင်တွင် အငြင်းပွားဖွယ်ရာများ ရှိနေသော်လည်း သမ္မတဒူတာတေး၏ ပြုပြင်ပြောင်းလဲမှုကို မယုံနိုင်လောက်အောင် လူထုက ထောက်ခံမှုမြင့်တက်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဒူတာတေး၏ အဂတိနှင့် မူးယစ်ကိစ္စတို့တွင် ကိုင်တွယ်ပုံ လက်သံပြောင်လွန်းခြင်းကြောင့် ဖြစ်သည်။ သူအနေဖြင့် ပြောသည့်အတိုင်းပင် အဂတိနှင့်ပတ်သက်လျှင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြီး မည်သည့်မျက်နှာမျှ မထောက်ဘဲ ထိထိရောက်ရောက် နှိမ်နင်းပြသည်။ သမ္မတ၏လုံခြုံရေးကိုပင် အရေးမစိုက်ဘဲ အပြောင်းအလဲ လုပ်ပြမည်ဆိုသည့် တစ်ကြောင်းထဲသော စိတ်ဖြင့် ပြတ်ပြတ်သားသားနိုင်ခြင်းကြောင့်လည်း လူထုက တဖြည်းဖြည်းသူ့ကို ယုံကြည်ကိုးစားလာကြသည်။ မည်သို့ပင်ဆိုစေ ဒူတာတေးကြောင့် ဖိလစ်ပိုင်သည် အရှေ့တောင်အာရှတွင် အတော်ပင် စန်းပွင့်လာခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း အဂတိနှင့်မူးယစ်နှိမ်နင်းရေးကို သမ္မတဦးဝင်းမြင့်က တင်းတင်းကျပ်ကျပ် အရှိန်အဟုန်ဖြင့် ကိုင်တွယ်နေသည်ဟု ပြောရမည်ဖြစ်သည်။ အဂတိနှင့် ပတ်သက်လျှင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ်အပါ ဥပဒေအရာရှိအချို့ကို အောင်ရဲထွေးအမှုနှင့်ပတ်သက်၍ လာဘ်ယူမှုဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် အမြစ်တွယ်နေပြီးဖြစ်သော အဂတိလိုက်စားမှုပြဿနာကို ဖြေရှင်းနိုင်ရန် ငါးကြီးကြီးတချို့ကို ကြော်ရန် လိုအပ်သည်ဟု ပြောဆိုနေချိန်တွင် တိုင်းအစိုးရအဖွဲ့ဝင်တစ်ဦးကို စတင်အရေးယူခြင်းဖြင့် ပြုပြင်ပြောင်းလဲမှုအောင်မြင်အောင် လုပ်ဆောင်နိုင်မည်လားဆိုသည့် မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု အခြေအနေ စောင့်ကြည့်လေ့လာရာရေးအဖွဲ့ (Transparency International) မှ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏အဂတိလိုက်စားမှု အခြေအနေအရ အညွှန်းကိန်းများမှာ ၂၀၁၁ ခုနှစ်တွင် အဆင့် ၁၈၀၊ ၂၀၁၂ တွင် အဆင့် ၁၇၂၊ ၂၀၁၃ တွင် အဆင့် ၁၅၇၊ ၂၀၁၄ တွင် အဆင့် ၁၅၆ နှင့် ၂၀၁၅ ခုနှစ်တွင် အဆင့် ၁၄၇ တွင် အသီးသီးဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အခြေအနေပြညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၇၆ နိုင်ငံ၌ အဆင့် ၁၃၆ တွင်ရှိခဲ့သည်။ နောက်ပိုင်းတွင် ယင်းအညွှန်းကိန်း မည်မျှရှိမည်ကို မသိရသေးသော်လည်း မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှု အဆိုးဆုံးစာရင်း (အနီရောင်) အဆင့်တွင် ဆက်လက်ပါဝင်နေဆဲဖြစ်သည့် အခြေအနေက တိုင်းပြည်အတွက် စိုးရိမ်စရာကောင်းနေဆဲပင်ဖြစ်သည်။

အဂတိကို အမြစ်မှလှန်နိုင်ရန် ငါးကြီးကြီးများကိုကြော်ရန် လိုသည်ဟု သုံးသပ်သကဲ့သို့ပင် ယင်းသို့လုပ်ဆောင်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဥပဒေများသည် အများယုံကြည်သက်ဝင်၍ အလုပ်ဖြစ်ရန် လိုသည်။ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်များ သတင်းစာရှင်းလင်းမှုနှင့် သုံးသပ်တွေ့ရှိချက်တို့မှာ လူအများကြား ဝေဖန်စရာဖြစ်ခဲ့ရသည်။ အဂတိနှင့်ပတ်သက်လျှင် ကော်မရှင်အနေဖြင့် ကြီးငယ်မရွေး ပြတ်ပြတ်သားသားမကိုင်တွယ်နိုင်လျှင် ရေရှည်တွင် အောင်မြင်မှုမရဘဲ ဒုံရင်းပြန်ဖြစ်နိုင်သည်ကို စိတ်ပူကြခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အကျင့်ပျက်ခြစားမှု အမြစ်တွယ်နေ သည်မှာ ကြာမြင့်ခဲ့သည့်အလျှောက် အဂတိလိုက်စားမှုသည် လူ့အဖွဲ့အစည်းအတွင်းရှိ နယ်ပယ်အသီးသီးတွင် နည်းလမ်းပေါင်းစုံဖြင့် ဆိုးရွားစွာသက်ရောက်စေနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ နိုင်ငံ၏ကဏ္ဍအသီးသီးတွင် အဖက်ဖက်မှနိမ့်ကျနေမှုကို ပြန်လည်အဖတ်ဆည်နိုင်ရန် အဂတိလိုက်စားမှုကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်မည်ဖြစ်သည်။ သို့ဆိုလျှင် အဂတိနှင့်ပတ်သက်၍ အစိုးရတာဝန်ရှိသူများအနေဖြင့် ပွင့်လင်းမြင်သာမှု၊ ကျောသားရင်သားမခွဲခြားမှု စသည်တို့အပေါ်အခြေခံကာ လူထုအတွက် အကောင်းဆုံး လုပ်ဆောင်ပြနိုင်ရန် လိုအပ်မည်လည်းဖြစ်သည်။

ဆင်းရဲသောနိုင်ငံ တစ်နိုင်ငံအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ထိရောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက စီးပွားရေးဖွံ့ဖြိုးမှုနှင့် တိုးတက်သောစီးပွားရေးအခြေခံကောင်းများကို တည်ဆောက်နိုင်ရန် မည်သို့မျှမဖြစ်နိုင်ပါ။ ထို့ကြောင့် အဂတိလိုက်စားမှု၏ အဆိုးဆုံးလက္ခဏာရပ်များဖြစ်သည့် အလွဲသုံးစားလုပ်မှုနှင့် ဖော်လံဖား၍အကျိုးစီးပွားရှာမှုစသော (Nepotism) နှင့် ဆွေမျိုးနီးစပ်ရာ အသိုင်းအဝိုင်းများကောင်းစားသည့် (Cronyism) တို့ ဆက်လက်ခေါင်းထောင်နိုင်ခြင်း မရှိစေရန် လုပ်ဆောင်သင့်ပါကြောင်း  The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၂၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent