ကွန်တေအား ချယ်လ်ဆီးအသင်း (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆို

ကွန်တေအား ချယ်လ်ဆီးအသင်း (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆို
Photo: Chelsea FC
Photo: Chelsea FC
Published 23 November 2018

 

ချယ်လ်ဆီးအသင်းသည် အသင်း၏ ပြင်သစ်ကွင်းလယ်လူ ကွန်တေအား (၅)နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ကွန်တေသည် ၂၀၁၆ ခုနှစ်က လက်စတာအသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပရီးမီးယားလိဂ် (၈၁)ပွဲကစားရာတွင် (၃)ဂိုး သွင်းယူပေးထားသည်။

ကွန်တေသည် ၎င်း၏ ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီတွင် အသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို၊ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့သည်။

ကွန်တေသည် စာချုပ်သစ်အရ ချယ်လ်ဆီးအသင်းတွင် ၂၀၂၃ ခုနှစ်အထိ ရှိနေမည်ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ သည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြားခဲ့သည်။

ကွန်တေက "ချယ်လ်ဆီးအသင်းနဲ့အတူ ကုန်ဆုံးခဲ့တဲ့ (၂)နှစ်ကတော့ အရမ်းကိုလှပါတယ်။ အဲဒီလိုလှပတဲ့နှစ်တွေကို ထပ်မံပိုင်ဆိုင်နိုင်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဒီ(ချယ်လ်ဆီး)ကို ရောက်လာကတည်းက ကျွန်တော့်ရဲ့ကစားသမားဘဝဟာ တိုးတက်လာခဲ့ပြီး တစ်ခါမှ မတွေးဖူးတဲ့ ဆုတွေတောင် ကျွန်တော် ရရှိခဲ့ပါတယ်။ ဒီမြို့ကို ကျွန်တော်ချစ်သလို၊ အသင်းကိုလည်း သဘောကျပါတယ်။ ဒီအသင်းမှာ အချိန်အကြာကြီး ဆက်နေခွင့်ရတဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်"ဟု ပြောကြားခဲ့သည်။

ကွန်တေသည် ပြင်သစ်လက်ရွေးစင်အသင်းအတွက် (၃၆)ပွဲ ကစားပေးထားသူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် ကွန်တေ၏ လစာကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း တစ်ပတ်လစာ ပေါင် (၂၉၀၀၀၀) ဖြစ်သည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

Most Read

Most Recent