နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်သော အကြောင်းခြင်းရာများ

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်သော အကြောင်းခြင်းရာများ
Published 22 November 2018

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များအနေဖြင့် ရင်းနှီးမြှုပ်နှံခြင်းမပြုမီ အောက်ပါ အကြောင်းခြင်းရာများကို စဉ်းစားလေ့ရှိသည်။

အစိုးရအဖွဲ့တည်ငြိမ်မှု - တည်ငြိမ်သော အစိုးရအဖွဲ့တစ်ရပ်သည် မည်သည့်ရင်းနှီး မြှုပ်နှံမှုမျိုးအတွက်မဆို မရှိမဖြစ်သည့် ကြိုတင်လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံ သူများသည် ရင်းနှီးမြှုပ်နှံမှုကို ဆန့်ကျင်သော ခြေလှမ်းများကို လှမ်းနေသည့် အစိုးရအဖွဲ့ မျိုးမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုများကို ထောက်ပံ့သည့် အစိုးရအဖွဲ့မျိုးကို အမြဲတမ်း ရှာဖွေကြမည်သာဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူ အနေဖြင့် အစိုးရအဖွဲ့က လွှမ်းမိုးချုပ်ကိုင်မည်ကို စိုးရိမ်ရခြင်း မရှိသင့်ပေ။ သို့မှသာ သူ၏လုပ်ငန်းကို ချဲ့ထွင်နိုင်စွမ်း ရရှိမည်ဖြစ်သည်။

အစိုးရမူဝါဒ၌ လိုက်လျောညီထွေရှိမှု - အချို့သော ရင်းနှီးမြှုပ်နှံမှုများကို FDI အတွက် ခွင့်မပြုသည့် တင်းကျပ်သော မူဝါဒမျိုးက လုပ်ငန်းများ ကြီးထွားမှုကို အထောက်အကူပြုမည် မဟုတ်ပါ။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအရ အစိုးရအဖွဲ့များ အနေဖြင့် ၎င်းတို့ ယခင်က ကာကွယ်ထားခဲ့သော နယ်ပယ်များ အပါအဝင် နယ်ပယ်အားလုံး၌ FDI များကို ခွင့်ပြုသည့် လိုက်လျောညီထွေရှိသော မူဝါဒများ ထားရှိရမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် အစိုးရအဖွဲ့၏ ကြိုတင်ဖန်တီးထားသော အခြေအနေရပ်များ (အခြေခံ အဆောက်အအုံ) - ဆိပ်ကမ်းများ ချဲ့ထွင်ခြင်း၊ ဓာတ်အားလိုင်းများ ရရှိအောင် ဆောင်ရွက်ထားခြင်း၊ အဝေးပြေးလမ်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ထားခြင်း အစရှိသည့် အစိုးရက ကြိုတင်ဖန်တီးပေးထားသော အခြေအနေရပ်များ လိုအပ်သည်။ ယင်းအခြေအနေရပ်များက FDI များ ပိုမိုရရှိအောင် ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။

ငွေလဲနှုန်းတည်ငြိမ်မှု - မည်သည့် FDI မဆို၏ ကုန်သွယ်ရေး အလားအလာကောင်းသည် ငွေလဲနှုန်း တည်ငြိမ်မှု အပေါ်တွင် မူတည်နေသည်။ ပြည်တွင်းငွေကြေး တန်ဖိုးသည် ပုံမှန်မဟုတ်လောက်အောင် ကျဆင်းခြင်းမျိုး မဖြစ်သင့်ပါ။ ငွေလဲနှုန်းသည် ရင်းနှီးမြှုပ်နှံချိန်၌ ရှိသည့်တန်ဖိုး အနီးတစ်ဝိုက်၌သာ ရှိသင့်သည်။

အခွန်မူဝါဒများနှင့် ကင်းလွတ်ခွင့်များ - အစိုးရအနေဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း တစ်ပြေးညီရှိသည့် အခွန်မူဝါဒများ ရှိသင့်သည်။ ယစ်မျိုးခွန်၊ အရောင်းခွန်၊ အကောက်ခွန် အစရှိသည့် အခွန်နှုန်းထားများ မြင့်မားခြင်းက FDI များကို ဟန့်တားတတ်သည်။ FDI များ သက်သောင့်သက်သာ ရှိစေရန် အလယ်အလတ်ကျသည့် အခွန်မူဝါဒ ရှိသင့်သည်။

စျေးကွက်အတိုင်းအတာ - FDI များအနေဖြင့် စျေးကွက်ကို အပြည့်အဝအသုံးချနိုင်သည့် အနေအထားတွင် ရှိရမည်ဖြစ်ပြီး ပြည်တွင်းစျေးကွက်များ၌သာမက ပြည်ပစျေးကွက်များသို့ပါ ချဲ့ထွင်နိုင်ရမည်ဖြစ်သည်။ ယင်းက ၎င်းတို့၏ ထုတ်လုပ်မှု ကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ပြီး အမျိုးမျိုး ပြောင်းလဲထုတ်လုပ်ရန်အတွက် ကြီးမားသော အတိုင်းအတာကို ရရှိစေမည်ဖြစ်သည်။

ထောက်ပံ့ရေး လမ်းကြောင်းနှင့် အလုပ်သမားကဏ္ဍ အပါအဝင် အခြားတည်နေရာဆိုင်ရာ အကြောင်းခြင်းရာများ - နိုင်ငံအတွင်းရှိ လုပ်သားများ၏ ထုတ်လုပ်မှုအား မြင့်မားရမည်ဖြစ်သည်။ အထူးသဖြင့် နည်းပညာဆိုင်ရာ နယ်ပယ်များ၌ ကျွမ်းကျင်သောလုပ်သားများ အလုံအလောက် ရရှိနိုင်ရမည်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး အမျိုးမျိုး (ကား၊ ရထား၊ လေကြောင်း၊ ရေကြောင်းအစရှိသည်) တို့အကြား အဆင်ပြေ ညီညွတ်မှု ရှိရမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုမှ ပြန်လည်ရရှိနိုင်မှု - FDI တို့အတွက် အဓိကမက်လုံးတစ်ခုမှာ ၎င်းတို့ပြုလုပ်လိုက်သည့် ရင်းနှီးမြှုပ်နှံမှုမှနေ၍ ပြန်လည်ရရှိနိုင်မှု သို့မဟုတ် အကျိုးအမြတ် ဖြစ်သည်။ အကျိုးအမြတ်သည် အခြားနိုင်ငံများ၌ ၎င်းတို့ရရှိနိုင်သည်ထက် စဉ်ဆက်မပြတ် ပို၍မြင့်မားနိုင်ခြင်း မရှိပါက ယင်းနေရာကို ရင်းနှီးမြှုပ်နှံရန် ရွေးချယ်မည်မဟုတ်ပါ။

မည်သို့ပင် ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကြီးထွားမှုနှုန်း မြင့်မားလာရန်အတွက် FDI တို့အား ဆွဲဆောင်နိုင်ရန် လိုအပ်ပြီး ယင်းကဲ့သို့ ဆွဲဆောင်ရန် ဖော်ပြပါ အကြောင်းခြင်းရာများ လိုအပ်သည်ကို သတိပြုမိစေရန် The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent