နှစ်လိုဖွယ်ရာကောင်းသော ငြင်းခုံမှု

နှစ်လိုဖွယ်ရာကောင်းသော ငြင်းခုံမှု
Published 20 November 2018

ဘက်နှစ်ဖက် သို့မဟုတ် ယင်းထက်ပိုသော ဘက်များအနေဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိဘဲ အပြင်းအထန် ငြင်းခုံမှုဆီသို့ မြင့်တက်သွားနိုင်သည့် အကြောင်းအရာတစ်ခုကို အတူတကွ ဖြေရှင်းခြင်းဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ဘက်အနေအထား၌ ရပ်တည်နေသောကြောင့် ငြင်းခုံမှုတစ်ရပ်သည် နှစ်လိုဖွယ် မဖြစ်နိုင်ဟု အချို့က ဆိုကြသည်။ ၎င်းတို့က ဆွေးနွေးမှုတစ်ရပ်သာ ပို၍ဖြစ်သင့်သည်ဟု ဆိုသည်။ သို့သော် ငြင်းခုံမှုသည် ဆွေးနွေးမှုနှင့် တူညီခြင်းမရှိပါ။

ဆွေးနွေးမှုတွင် ပါဝင်သူများသည် ကိုင်တွယ်ရန်လိုအပ်သည့် ဘုံအကြောင်းအရာ တစ်ရပ်ကို ဖြေရှင်းရန် အတူတကွ ပြောဆိုခြင်းဖြစ်ပြီး ပါဝင်သူအသီးသီးတို့သည် အကြောင်းအရာနှင့်ပတ်သက်၍ စိတ်ကူးများကို တင်ပြနိုင်သည်။ အားလုံးထံမှ ရရှိသော အချက်အလက်များအပေါ် အခြေခံလျက် ဆုံးဖြတ်ချက်တစ်ရပ်ရရှိရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။ ငြင်းခုံခြင်းသည် ဆွေးနွေးခြင်းနှင့် အကြောင်းအရာမှာ အတူတူပင်ဖြစ်နိုင်သော်လည်း ထုတ်ဖော်ပုံမှာ ကွဲပြားခြားနားသည်။ အဓိကကွဲပြားခြားနားချက်မှာ လုပ်ဆောင်ရန် အကောင်းဆုံးလမ်းကြောင်းဟု ယုံကြည်လျက် ဆုံးဖြတ်ချက် ချထားနှင့်ပြီးဖြစ်သည့် ဘက်အသီးသီးတို့ ပါဝင်နေခြင်း ဖြစ်သည်။ ယင်း၌ မိမိတို့ ဆုံးဖြတ်ထားသည်များ မှန်ကန်ကြောင်း အခြားသူများ ယုံကြည်လာအောင် ငြင်းခုံရခြင်းဖြစ်သည်။ သို့သော် ဦးဆောင်သူတစ်ဦး အနေဖြင့် ငြင်းခုံခြင်းမှနေ၍ ရန်ပွဲဆီသို့ မြင့်တက်မသွားစေရန် ငြင်းခုံမှုဆိုင်ရာ သတ်မှတ်ချက်များ ရှိထားရန်လိုသည်။

အစီအစဉ်တစ်ရပ် ရှိပါစေ - ငြင်းခုံမှုတစ်ရပ်ကို မည်သို့မည်ပုံ စတင်၍ မည်သို့မည်ပုံ အဆုံးသတ်ရမည်ဟူသည့် အစီအစဉ်တစ်ရပ် ချမှတ်ထားရမည်။ ငြင်းခုံမှုမှနေ၍ လိုအပ်သော အဆုံးသတ်ရလဒ်ကား အဘယ်နည်း။ များသောအားဖြင့် ယင်းသည် မည်သို့ ရှေ့ဆက်လုပ်ဆောင်ရမည်ဟူသည်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ် ဖြစ်တတ်သည်။ ငြင်းခုံဆွေးနွေးရာတွင် ဘေးချော်မှုများ ဖြစ်ပေါ်တတ်ပြီး မလိုလားအပ်ဘဲ အကြောင်းအရာ ပို၍ကြီးထွားသွားတတ်သည်။ အဆုံးသတ်၌ ဆုံးဖြတ်ချက်တစ်ခု ရရှိရေး သေချာစေရန်အတွက် ယင်းကဲ့သို့မဖြစ်စေရန် သတိထားရမည် ဖြစ်သည်။

ငြင်းခုံမှုကို ရှေ့ဆက်ရန် မေးခွန်းများ မေးပါ - စိတ်ကူးတစ်ခုကို မြန်မြန်ဆန်ဆန် အတည်ပြုလိုက်ခြင်းထက် မေးခွန်းများမေးရန် လိုအပ်သည်။ သို့မှသာ ရှေ့ဆက်ဆွေးနွေး စရာအချက်များ ပေါ်လာမည်ဖြစ်သည်။ စမတ်ကျသော မေးခွန်းများ မေးနိုင်သူသာ ရှေ့ဆက်သွားလိုသော စဉ်းစားသူနှင့် ရှင်းလင်းသော ရလဒ်ကို လိုလားသူဟု ဆိုနိုင်မည်ဖြစ်သည်။

စိတ်ကူးများနှင့် အကြံပြုချက်များပေးပါ။ အကြောက်အကန် ငြင်းခုံခြင်းမပြုပါနှင့် - ရာထူးကြီးသူများအနေဖြင့် မိမိတို့၏စိတ်ကူးများကို လက်ခံလာရန် အကြောက်အကန် ငြင်းခုံတတ်ကြသည်။ အခြားတစ်ဖက်၏ ပြောစကားများကို နားထောင်ပေးကာ လမ်းဖွင့်ထားရန်လိုသည်။ ဆက်လက်ဆွေးနွေးနိုင်ရန်အတွက် အကြံပြုချက်များ ပေးရန်လိုသည်။ ဆွေးနွေးမှုသည် လက်ခံနိုင်စရာဖြစ်ရန် လိုသည်။ အခြားလုပ်ဖော်ကိုင်ဖက်များအတွက်လည်း ၎င်းတို့၏ စိတ်ကူးများကို လက်ခံလာအောင် တင်ပြပိုင်ခွင့်ရှိသည်ကို သတိပြုရမည်။

အချက်အလက်များကို အတိုချုပ် စုစည်းမှုပြုပါ - မိမိ၏ လုပ်ဖော်ကိုင်ဖက်များကို အသိပေးလျက် အချက်အလက်များကို အတိုချုပ်စုစည်းမှုပြုနိုင်လေလေ ပို၍ကောင်းစွာ ရှေ့ဆက်သွားနိုင်လေလေ ဖြစ်သည်။ အကြံပြုချက်များကို ၎င်းတို့အနေဖြင့် ကောင်းစွာသိရှိနားလည်သဘောပေါက်ရန်လိုပြီး မိမိ၏ တင်ပြချက်ကို အတင်းအကျပ် လက်ခံခိုင်းခြင်း မပြုသင့်ပါ။

လုပ်ငန်းစဉ်၌ နောက်တစ်ဆင့်ကို တင်ပြပါ - မိမိ၏ အကြံပြုချက်အပေါ် အခြေခံလျက် နောက်တစ်ဆင့် ထပ်မံတင်ပြရန်လည်း လိုအပ်သည်။ မိမိအနေဖြင့် ယခုအကြံပြုချက်များ မည်သို့မည်ပုံ ရရှိလာသည်ကိုလည်းကောင်း၊ မိမိအနေဖြင့် အဘယ့်ကြောင့် နောက်တစ်ဆင့်ကို အကြံပြုရသည်ကိုလည်းကောင်း အခြားသူများ သိရှိရန် လိုအပ်သည်။ နောက်တစ်ဆင့် တင်ပြသည့်စိတ်ကူးသည် ပြည့်စုံခြင်း မရှိသေးပါကလည်း အခြားသူများ နှင့် ပူးပေါင်းလျက် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ရှာဖွေနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ကောင်းမွန်သောရလဒ် ထွက်ပေါ်လာရေးဆီသို့ ရှေးရှုသော ငြင်းခုံမှုမျိုးကိုသာ နှစ်လိုဖွယ်ကောင်းသော ငြင်းခုံမှုဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(နိုဝင်ဘာ ၂၀ ရက်နေ့ထုတ် Ther Daily Eleven သတင်းစာ အယ်ဒီတာ အာဘေ်ာ)

Most Read

Most Recent