တီမောနှင့်ပွဲတွင် ကစားသမားအချို့ အပြောင်းအလဲအနည်းငယ်လုပ်မည်ဟု အဲရစ်ဆင် ဆို

တီမောနှင့်ပွဲတွင် ကစားသမားအချို့ အပြောင်းအလဲအနည်းငယ်လုပ်မည်ဟု အဲရစ်ဆင် ဆို
Published 17 November 2018

ဖိလစ်ပိုင်အသင်း၏နာမည်ကျော်ဝါရင့်နည်းပြ အဲရစ်ဆင်က ယနေ့တွင်ကစားမည့် အုပ်စု(B)ပွဲစဉ် တီမောနှင့်ပွဲတွင် ပွဲထွက်ကစားသမားပိုင်း အပြောင်းအလဲအနည်းငယ်လုပ်မည်ဟု ပြောကြားခဲ့သည်။

'' ကျွန်တော့့်ကစားသမားအားလုံး ဒီပွဲအတွက် အသင့်ရှိနေပါတယ်။ ပွဲထွက်စာရင်းကိုတော့ အနည်းငယ် အပြောင်းအလဲလုပ်နိုင်တယ်။ အတိအကျကိုတော့ ကျွန်တော် မပြောနိုင်ပါဘူး။ ကစားသမားတချို့မှာ ကြံ့ခိုင်မှုပြဿနာအနည်းငယ်ရှိနေပါတယ်။ အကောင်းဆုံး ၁၁ ယောက် ဘယ်သူလဲဆိုတာ သေချာမသိနိုင်ပါဘူး။ ဒီနေ့ညမှာ လေ့ကျင့်ရေးရှိပါတယ်။ သူတို့ရဲ့ခြေစွမ်းကို ကြည့်ရမယ်။ ဒီအခြေအနေကပဲ မနက်ဖြန်ပွဲမှာ ပွဲထွက်ခွင့်ရမှုကို ဆုံးဖြတ်ပါလိမ့်မယ်'' ဟု အဲရစ်ဆင်က နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် အဲရစ်ဆင်က တီမောနှင့်ပွဲအတွက် မည်သည့်အာမခံချက်မျှမပေးလိုကြောင်းလည်း ဖွင့်ဟခဲ့သည်။

တီမောအသင်းသည် ဖိလစ်ပိုင်နှင့်ပွဲကို အိမ်ကွင်းလက်ခံမကျင်းပနိုင်သည့်အတွက် ကြားကွင်းဖြစ်သည့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Kuala Lumpur Stadium ကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဖိလစ်ပိုင်အသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်တွင် (၄)ကြိမ်ချန်ပီယံ စင်ကာပူအသင်းအား အနိုင်ကစားထားခြင်း ကြောင့် ရေပန်းစားမှု ပိုမိုမြင့်တက်လာခဲ့သည်။

အုပ်စု(B)တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူတို့ (၄)သင်းစလုံးမှာ (၃)မှတ်စီရထားပြီး အင်ဒိုနီးရှားနှင့် စင်ကာပူတို့မှာ (၂)ပွဲစီ၊ ထိုင်းနှင့် ဖိလစ်ပိုင်အသင်းတို့မှာ (၁)ပွဲစီကစားထားကာ တီမောအသင်းမှာမူ (၂)ပွဲစလုံး ရှုံးနိမ့်ထားကြောင်း သိရသည်။