ဝေဖန်ရေးနှင့် ဟင်းလင်းဖွင့်ထားသောစိတ်

ဝေဖန်ရေးနှင့် ဟင်းလင်းဖွင့်ထားသောစိတ်
Published 15 November 2018

ဝေဖန်ရေးဟူသည် အခြားသူများ၊ အခြားသူတို့၏ စိတ်ကူးများ အစရှိသည်တို့နှင့် ပတ်သက်၍ အပြစ်အနာအဆာ ရှာဖွေခြင်းဟု အချို့က ဆိုကြသည်။ ယင်းသို့ကား မဟုတ်ပါ။ ယေဘုယျသဘောအရ ဝေဖန်သည့် စဉ်းစားပုံတွင် အမှန်တရားတစ်ခု၊ ခိုင်မာမှုတစ်ရပ်နှင့် ဆင်ခြင်သုံးသပ်မှု တစ်ရပ်အပေါ် ပိုမိုကောင်းမွန်သော အကဲဖြတ်ချက် ရရှိရန် မိမိကိုယ်တိုင်နှင့် စိတ်ကူးများ (မိမိကိုယ်ပိုင်စိတ်ကူး သို့မဟုတ် အခြားသူများ၏ စိတ်ကူး) တို့အကြား စိတ်ခံစားမှုဆိုင်ရာနှင့် အသိဉာဏ်ဆိုင်ရာ အကွာအဝေးတစ်ရပ် ဖွံ့ဖြိုးလာခြင်း ပါဝင်သည်။ ဝေဖန်မှုရှိသော စဉ်းစားပုံသည် ယုတ္တိဗေဒနှင့် သိပ္ပံပညာတို့ကို အသုံးပြုသည်။ မလုံမလဲဖြစ်ခြင်း သို့မဟုတ် တစ်ယူသန်ခြင်း၊ ယုံကြည်မှု လွှမ်းမိုးသော ဆင်ခြင်မှုဖြစ်ခြင်း၊ သိပ္ပံယောင် ဆောင်ထားသည့် အတုများကို ပညာဟုထင်မြင်ခြင်းနှင့် လိုရာဆွဲတွေးသည့် ဆင်ခြင်မှုဖြစ်ခြင်းတို့အပေါ် လက်မခံမှုအား အကဲဖြတ်သောကြောင့် ဝေဖန်မှုရှိသော စဉ်းစားပုံသည် မိမိတို့အတွက် ယုံကြည်ရန် သို့မဟုတ် မယုံကြည်ရန် မည်သည့်အရာက ကျိုးကြောင်းဆီလျော်မှု ရှိသနည်း ဟူသည်နှင့် ပတ်သက်၍ ယုံကြည်အားထားရသော ကျိုးကြောင်းဆီလျော်သော အကဲဖြတ်ချက်များ ဖွံ့ဖြိုးလာရန် အားထုတ်သည်။ ဝေဖန်မှုရှိသော စဉ်းစားပုံသည် မိမိတို့အနေဖြင့် အမှန်တရား တစ်ရပ်သို့ ရောက်ရှိပြီဟု အာမမခံသော်လည်း ရှိရှိသမျှ အခြားနည်းလမ်းများထက် များစွာပိုမို ဖြစ်နိုင်ဖွယ်ရှိမှုကို ပေးသည်။

တစ်စုံတစ်ရာနှင့် ပတ်သက်၍ ဝေဖန်သော စဉ်းစားပုံရှိရန် လိုအပ်သည့် အဓိက လက္ခဏာရပ်အချို့ရှိသည်။ ယင်းတို့အနက် ပထမဆုံးတစ်ခုမှာ ဟင်းလင်းဖွင့်ထားသော စိတ်ဖြစ်သည်။ နိုင်ငံရေး သို့မဟုတ် ဘာသာရေး ကဲ့သို့သော တစ်စုံတစ်ရာနှင့် ပတ်သက်၍ ဝေဖန်လိုသူ အနေဖြင့် စိတ်ကို ဟင်းလင်းဖွင့်ထားရန် လိုအပ်သည်။ အခြားသူများ မှန်ကန်နေနိုင်သည်ကိုသာမက မိမိအနေဖြင့် မှားယွင်းနိုင်သည်ဟူသော ဖြစ်နိုင်ခြေအတွက် စိတ်ကို ဟင်းလင်းဖွင့်ထားရန် လိုအပ်သည်။ လူတို့သည် ၎င်းတို့အနေဖြင့် အကြောင်းအရာ တစ်ရပ်အပေါ် မှားယွင်းကောင်း မှားယွင်းနိုင်သည်ဟု စဉ်းစားရန် အချိန်မယူဘဲ သဲသဲမဲမဲ ငြင်းခုံမှုကို စတင်တတ်ကြသည်။ စိတ်ကူးတိုင်းသည် အညီအမျှ ခိုင်မာခြင်း သို့မဟုတ် အမှန်တရားဖြစ်ရန် အညီအမျှ အခွင့်အလမ်းရှိခြင်းတို့ မဖြစ်နိုင်သောကြောင့် စိတ်ကို အလွန်အမင်း ဟင်းလင်းဖွင့်ထားခြင်းလည်း ဖြစ်နိုင်သည်။ တစ်စုံတစ်ယောက်သည် မှန်ကန်သည်ဟူသော ဖြစ်နိုင်ခြေအတွက် မိမိတို့အနေဖြင့် သဘောတရားအရ ခွင့်ပြုထားသင့်သော်လည်း ၎င်းတို့အနေဖြင့် ၎င်းတို့၏ အဆိုများကို ထောက်ပံ့နိုင်သည့် အချက်များပေးရန် မိမိတို့အတွက် မဖြစ်မနေ လိုအပ်နေဆဲဖြစ်သည်။ ၎င်းတို့အနေဖြင့် ယင်းကဲ့သို့ မလုပ်နိုင်ခြင်း သို့မဟုတ် မလုပ်ခြင်းတို့ရှိပါက ၎င်းတို့၏ အဆိုများကို ပယ်ချခြင်းသည် တရားမျှတမှုရှိပြီး ၎င်းတို့သည် မှန်ကန်ခြင်း မရှိသလို ပြုမူနိုင်သည်။

ဝေဖန်ရေးတွင် အခြားအရေးကြီးသည့် လက္ခဏာတစ်ရပ်မှာ စိတ်ခံစားချက်နှင့် ကျိုးကြောင်းဆင်ခြင်မှုအကြား ခွဲခြားခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် စိတ်ကူးသဘောတရား တစ်ရပ်ကို လက်ခံရန်အတွက် သိသာထင်ရှားသည့် ယုတ္တိဗေဒကျသော၊ လက်တွေ့ကျသော အကြောင်းတရားများ ရှိလျှင်ပင် ယင်းကို လက်ခံရန်အတွက် စိတ်ခံစားမှုဆိုင်ရာနှင့် စိတ်ပညာဆိုင်ရာ အကြောင်းတရားများ ရှိနိုင်သေးကြောင်း သတိပြုရမည်။ မိမိတို့ အနေဖြင့် အပြည့်အဝ သတိမပြုမိနိုင်သည့် အကြောင်းတရားများ ရှိနိုင်၏။ ဝေဖန်ရေး၌ စိတ်ခံစားချက်နှင့် ကျိုးကြောင်းဆင်ခြင်မှုအကြား ခွဲခြားခြင်းကို လေ့လာသင်ယူရန် အလွန်အရေးကြီးသည်။ ကျိုးကြောင်းဆင်ခြင်မှုကို စိတ်ခံစားချက်က အလွယ်တကူ ဝင်ရောက် စွက်ဖက်နိုင်သောကြောင့်ဖြစ်သည်။ တစ်စုံတစ်ရာကို ယုံကြည်ရန် စိတ်ခံစားမှုဆိုင်ရာ အကြောင်းတရား ရှိခြင်းသည် နားလည်ပေး၍ရသည့် ကိစ္စဖြစ်သည်။ သို့သော် ယင်းယုံကြည်ချက်၏ နောက်ကွယ်၌ရှိသော ယုတ္တိဗေဒသည် မှားယွင်းနေပါက မိမိတို့၏ ယုံကြည်ချက်အနေဖြင့် ကျိုးကြောင်းဆီလျော်မှု ရှိပါသည်ဟု မဆိုသင့်တော့ပေ။ မိမိတို့၏ ယုံကြည်ချက်များကို မျှတသော နည်းလမ်းတစ်ရပ်အားဖြင့် ချဉ်းကပ်မည်ဆိုပါက မိမိတို့၏ စိတ်ခံစားချက်များကို ဘေးဖယ်ကာ ယင်းနှင့်ပတ်သက်သည့် ယုတ္တိဗေဒနှင့် ကျိုးကြောင်းဆင်ခြင်မှုကို အကဲဖြတ်ရန် လိုလားရမည်ဖြစ်သည်။ ယုတ္တိဗေဒဆိုင်ရာ သတ်မှတ်ချက်များနှင့် လျော်ညီခြင်း မရှိပါက မိမိတို့၏ ယုံကြည်ချက်ကို စွန့်လွှတ်ရန် အဆင်သင့် ရှိရမည်ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ဝေဖန်ရေးတွင် မိမိ၏စိတ်ကို ဟင်းလင်းဖွင့်ထားရန် အလွန်အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent