အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ထပ်မံတွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံရေးပြဿနာများ မကျော်ဖြတ်နိုင်ပါက နိုင်ငံရေးအရ ဖြေရှင်းရမည့်ကိစ္စများ မည်သို့မျှဖြေရှင်း၍မရဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌပြောကြား

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ထပ်မံတွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံရေးပြဿနာများ မကျော်ဖြတ်နိုင်ပါက နိုင်ငံရေးအရ ဖြေရှင်းရမည့်ကိစ္စများ မည်သို့မျှဖြေရှင်း၍မရဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌပြောကြား
အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ပြုလုပ်စဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ အစိုးရနှင့် NCA-S EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး ပြုလုပ်စဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
Published 5 November 2018
မင်းနိုင်စိုး

နိုင်ငံရေးဆိုင်ရာ ပြဿနာများအား ကျော်ဖြတ်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ထပ်မံတွေ့ဆုံကြမည်ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ ပြဿနာများအား မကျော်ဖြတ်နိုင်ပါက နိုင်ငံရေးအရ ဖြေရှင်းရမည့် ကိစ္စရပ်များတွင် မည်သို့မျှဖြေရှင်း၍ရမည် မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ (MMSP)  ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။

အစိုးရနှင့် NCA-S EAO ခေါင်း ဆောင်များ အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် အလွတ်သဘော တွေ့ဆုံမှုနှင့် ပတ်သက်၍ MMSP ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာနှင့် NCA-S EAO ရုံး၏ သီးသန့်တွေ့ဆုံ မေးမြန်းမှုတွင် နိုင်ဟံသာက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၅ ရက်တွင် NCA-S EAO ရုံးက အဆိုပါ မေးမြန်းထားမှုအား ထုတ်ပြန်ခဲ့သည်။

နေပြည်တော်တွင် နှစ်ရက်ကြာ ကျင်းပခဲ့သော အစိုးရနှင့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ၏ သီးသန့်တွေ့ဆုံမှုတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော် ထားရှိရေး စသည့်အချက်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါအချက်များ ဆက်လက်ဆွေးနွေးနိုင်ရန် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ ထပ်မံတွေ့ဆုံကြမည်ဟု နိုင်ဟံသာက ပြောကြားခဲ့ခြင်းဖြစ်သည်။

“တွေ့ဆုံမှုတွေ ထပ်လုပ်ရမယ်။ ဒီပြဿနာကို ဖြတ်ကျော်ဖို့အတွက်။ ဒီပြဿနာကို မကျော်ဖြတ်နိုင်ရင် နိုင်ငံရေးအရ ဖြေရှင်းမှုဆိုတဲ့ဟာတွေ ဘယ်လိုမှ ဖြေရှင်းလို့ မရဘူး။ ဒါက အဓိကအကျဆုံးပဲ။ လူမှုရေးတွေ၊ ကျားမတန်းတူရေးတွေပဲ ဆွေးနွေးနေလို့ ပြဿနာက ပြီးတာမဟုတ်ဘူးလေ။ အဓိက,ကတော့ နိုင်ငံရေး ပြဿနာ။ ပြီးတော့ နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ လုံခြုံရေးပြဿနာ အဲဒါတွေ လုပ်ရမယ်” ၎င်းက ပြောကြားသည်။

နိုင်ငံရေးအရ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများသည် ပင်လုံစာချုပ်၏ အားနည်းချက်ကြောင့် မဟုတ်ကြောင်း၊ အဓိကအားဖြင့် အာဏာရ လာသောသူများသည် ပင်လုံစာချုပ်ပါ အချက်များကို အကောင်အထည် မဖော်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းနှင့် ပင်လုံစာချုပ်သည် မြန်မာနိုင်ငံအတွက် အလွန်ပင် အရေးကြီးကြောင်း နိုင်ဟံသာက ပြောကြားသည်။

“ခွဲထွက်လိုချင်တဲ့ ဆန္ဒမဟုတ်ဘူး။ ပူးပေါင်းချင်တဲ့ဆန္ဒနဲ့ ပူးပေါင်းခဲ့လို့ပဲ ဒီပြည်ထောင်စုကြီး ဖြစ်လာတယ်။ နောက် တိုင်းရင်းသားတွေရဲ့ ဒေသကို ပြန်ကြည့်ရင် ပြည်နယ်တွေကပေါ့နော်။ အားလုံးက ကုန်းတွင်းပိတ် ဒေသတွေပဲဖြစ်တယ်။ ဧရိယာငယ်ငယ်နဲ့ ကုန်းတွင်းပိတ်ဒေသတွေ ဖြစ်နေတယ်။ ခွဲထွက်ပြီး သီးသန့်နိုင်ငံ တည်ထောင်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူး။ ရေရှည် မရပ်တည်နိုင်ဘူး။ အကျိုးမရှိဘူး ဆိုတာတော့ အားလုံးသိကြပါတယ်။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ အခြေခံစိတ်ဓာတ်အရရော၊ အခြေအနေအရရော ခွဲထွက်ဖို့ အလားအလာ ဘယ်လိုမှ မရှိကြဘူး။ အန်ကယ်တော့ အဲဒီလိုမြင်တယ်လေ။ အဲဒီကိစ္စမှာ အဖြေတစ်ခုခု ပေးဖို့ဆိုတဲ့ နေရာမှာ အန်ကယ်တို့ လက်ရှိ ၁၀ ဖွဲ့နဲ့ပဲ အဖြေပေးလို့လည်း မသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေက ၂၀ ေလောက်ရှိတယ်လေ။ ၁၀ ဖွဲ့နဲ့ပဲ တစ်ခုခုဆုံးဖြတ်ဖို့ မသင့်ဘူး။ နောက်တစ်ခုက အရေးကြီးတယ်။ ပြည်သူတစ်ရပ်လုံးနဲ့ဆိုင်တယ်။ လိုအပ်ရင် ပြည်သူ့ဆန္ဒကိုလည်း ယူဖို့လိုတယ်။ အဲဒီလိုခံယူချက်နဲ့ ဒါကိုခွဲထွက်ခွင့် ရှိတယ်လို့လည်း မသုံးနဲ့။ မရှိဘူးလို့လည်း မသုံးနဲ့။ ဖက်ဒရယ်မူကိုပဲ ဆွေးနွေးသွားပါ။ နောက်တစ်ဖက်က အန်ကယ်တို့အနေနဲ့က ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ဟာမှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဘယ်လောက်ရှိလဲ။ ပြည်နယ်တွေရဲ့ အခွင့်အရေး ဘယ်လောက်ရှိလဲ။ အာဏာခွဲယူတဲ့ အခါမှာ ပြည်ထောင်စုအစိုးရက အာဏာဘယ်လောက် ယူမလဲ၊ ပြည်နယ်အစိုးရက အာဏာဘယ်လောက် ယူမလဲ။ ဒါတွေ ဘာမှမတိကျသေးဘူး။ အဲဒီလို ဘာမှမရေရာတဲ့ အနေအထားမှာ ခွဲထွက်ခွင့်ရှိတယ်၊ မရှိဘူးဆိုတဲဲ့ ဟာမျိုးကတော့ အန်ကယ်တို့ လုံးဝခွဲမထွက်ပါဘူးလို့ ဆိုတဲ့ဟာနဲ့။ ဒါကလည်း ပြဿနာတစ်ရပ်ပါ။ အဲဒါကြောင့် အန်ကယ်တို့ မြင်တာကတော့ ဒါနဲ့ ပိတ်ဆို့ထားတဲ့သဘော မဖြစ်သင့်ဘူး။ အတင်းအကျပ် ချုပ်ကိုင်ထားတဲ့သဘော မဖြစ်သင့်ဘူး။ ဒီကိစ္စက ခွဲထွက်ခွင့် ရှိတယ်လို့လည်း မသုံးနဲ့။ ခွဲထွက်ခွင့် မရှိဘူးလဲ မသုံးနဲ့။ တကယ်တန်းတူအခွင့်အရေး ရှိနေရင် တိုင်းရင်းသားတွေဘက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိနေရင် ဘယ်သူမှ ခွဲထွက်မှာ မဟုတ်ဘူး။ မြေကျဉ်းကျဉ်းနဲ့ ကုန်းတွင်းပိတ်ဧရိယာလို ဖြစ်နေတဲ့ သဘောထားမျိုး ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု နိုင်ဟံသာက ပြောကြားသည်။

ထို့ပြင် တစ်နိုင်ငံလုံး ပြဿနာများ ပြေလည်ရေးနှင့် တစ်နိုင်ငံလုံး အေးချမ်းရေးအတွက် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ရန် လိုအပ်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မပါဘဲ မည်သို့မျှ တစ်နိုင်ငံလုံး အေးချမ်းသည့် အနေအထား မဖြစ်နိုင်ကြောင်းလည်း NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်၍ နိုင်ဟံသာက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံမှ ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံကိုလည်း ပြုလုပ်ရန် စီစဉ်ထားပြီး အဆိုပါ အစီအစဉ်အတွက် မြောက်ပိုင်းတွင်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းရဦးမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။       

 

Most Read

Most Recent