တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွှေညောင်မြို့ ဒေသခံများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့

တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွှေညောင်မြို့ ဒေသခံများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့
Published 11 May 2026

တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွှေညောင်မြို့ ဒေသခံများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ် ၊ ရွှေညောင်မြို့၊ ငွေကမ္ဘာသဘာဝအပန်းဖြေဥယျာဉ်တွင် မေလ ၁၁ ရက် မနက်ပိုင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွှေညောင်မြို့ ဒေသခံများ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ခွန်ကြည် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ခွန်ဆောင်းရွှေ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းကျင်း (ခ) နန်းစိန် ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ခွန်စောလွင် တို့ တက်ရောက်ခဲ့ကာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ရွှေညောင်မြို့ ၊ ရပ်မိရပ်ဖများ ၊ ရပ်ရွာလူကြီးများ တက်ရောက်ခဲ့ကာ လိုအပ်ချက်များကို တင်ပြခဲ့ခြင်း ဖြစ်သည်။

အဓိကအားဖြင့် ရွှေညောင်မြို့ရှိ တောင်သူများအတွက် စိုက်ပျိုးသီးနှံ မျိုးစေ့ နှင့် မြေဩဇာများ ရှားပါး စျေးတက်လာခြင်း ကိစ္စရပ်များ၊ ရွှေညောင်မြို့ ကုန်းလှိုင်ကန်သာယာလှပစေရေး နှင့် ကန်ပတ်လမ်း ပြုပြင်စေရေးကိစ္စ ၊ ရွှေညောင်မြို့ ရပ်ကွက်လမ်းများ၊ ရွှေညောင်စျေး သာယာလှပစေရေး ၊ ကိစ္စရပ်များအပြင် အေးသာယာနှင့် စက်မှုဇုန်တို့တွင် မြေသိမ်းယာသိမ်းကိစ္စရပ်များ၊ တောင်ကြီးမြို့နယ်တွင် ပုံစံ (၁၀၅) ၊ မြေဂရမ် ၊ ပုံစံ (၇) ရရှိရေး ကိစ္စများကို တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ် (၄) ဦး တို့က အပြန်အလှန် ဖြေကြား ခဲ့ကြပြီး၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

“ရွှေညောင်မြို့မှာရှိတဲ့ ကုန်းလှိုင်ရေကန်မှာ သာယာလှပအောင် လမ်းခင်းပေးဖို့၊ လမ်းမီးတိုင် ဆောင်ရွက်ပေးဖို့ လိုအပ်နေတာပေါ့။ နောက်ပြီး စိုက်ပျိုးရေး တောင်သူများအတွက် မျိုးစေ့ နဲ့ ဓါတ်မြေဩဇာ အခက်အခဲတွေ လည်း တင်ပြခဲ့ပါတယ်။ အခက်အခဲတင်ပြတော့ အားကိုးမှုရတယ်လို့ ဆုံးဖြတ်ကြတယ်လေ။ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း သူတို့က အားကိုးမှုပြုတယ်။ သူတို့လည်း ဒီကိစ္စအတွက်ကို ဝမ်းလည်း ဝမ်းသာကြတယ်။ နောက်ပြီး မြေဂရမ် ၊ ပုံစံ (၇) ကို အမြန်ဆုံး လျှင်မြန်လွယ်ကူစွာ ဆောင်ရွက်ရရှိရေး ကိစ္စရပ် တွေကိုလည်း တင်ပြခဲ့ကြတယ် ” ဟု ရွှေညောင်ဒေသခံတစ်ဦး က ပြောသည်။

ရွှေညောင်မြို့သည် စိုက်ပျိုးရေး အဓိက အားထားဆောင်ရွက်သော မြို့ဖြစ်ကာ စပါး နှင့် အခြားသီးနှံများကို စိုက်ပျိုးထုတ်လုပ်သော ဒေသဖြစ်သောကြောင့် စိုက်ပျိုးရေး တောင်သူများအတွက် လိုအပ်သော သွင်းအားစုများ အဆင်ပြေ ချောမွေ့စွာ ရရှိစေရေးဆောင်ရွက်ရန် အရေးကြီးကြောင်း စိုက်​တောင်သူများ က တင်ပြခဲ့ကြသည်။

Most Read

Most Recent