အာဆင်နယ်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား မက်စ်ဒေါင်းမန်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ကစားခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
မက်စ်ဒေါင်းမန်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး အသက်(၁၆)နှစ်နဲ့ (၉၇)ရက်သာရှိသေးတာကြောင့် ဘာစီလိုနာတိုက်စစ်ကစားသမား ယမားလ်ရဲ့ (၁၆)နှစ်၊ (၂၇၂)ရက်စံချိန်ကို ချိုးဖျက်ပြီး အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တာပါ။
၂၀၂၅ နွေရာသီမှာ အသင်းကြီးအတွက် စတင်ခေါ်ယူခြင်းခံခဲ့ရတဲ့ မက်စ်ဒေါင်းမန်းဟာ အာဆင်နယ်အသင်းမှာ အသက်ငယ်ရွယ်မှုနဲ့ပတ်သက်တဲ့ စံချိန်သစ်များစွာ တင်နိုင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံးဂိုးသွင်းသူဆိုတဲ့ စံချိန်ကိုလည်း ပို်င်ဆိုင်ထားပါတယ်။
မက်စ်ဒေါင်းမန်းဟာ အသက်မပြည့်သေးတာကြောင့် အာဆင်နယ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးဘဲ အသက်(၁၇)နှစ်ပြည့်မြောက်မယ့် ဒီဇင်ဘာလမှသာ ချုပ်ဆိုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ မက်စ်ဒေါင်းမန်းရဲ့ မိသားစုကလည်း အာဆင်နယ်အသင်းရဲ့ အမာခံပရိသတ်တွေဖြစ်တာကြောင့် မက်စ်ဒေါင်းမန်းက တခြားအသင်းကို ရွေးချယ်မှာမဟုတ်ဘဲ အာဆင်နယ်အသင်းမှာသာ ယှဉ်ပြိုင်ကစားသွားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။















