နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို ပြည်ထောင်စုလွှတ်တော်တွင် ဧပြီ ၃ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ကြေညာသည်။
ယနေ့(ဧပြီ ၂ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အသီးသီးကတင်ပြသည့် ဒုတိယသမ္မတသုံးဦးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်ရေးအဖွဲ့ စိစစ်တွေ့ရှိချက်ကို တင်ပြခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယကက “သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အသီးသီးထံမှ ပြည်ထောင်စုလွှတ်တော်နာယကထံ ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်တွင် ပေးပို့တင်ပြထားတဲ့ ဒုတိယသမ္မတသုံးဦးကို နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၃၀ နဲ့အညီ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်ရေးအဖွဲ့က စိစစ်ခဲ့ပြီးဖြစ်ပါတယ်။ စိစစ်ရေးအဖွဲ့၏ စိစစ်တင်ပြချက်အရ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သုံးဖွဲ့က နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနဲ့အညီ ရွေးချယ်တင်ပြထားတဲ့ ဒုတိယသမ္မတသုံးဦးဟာ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ပြည်စုံပါကြောင်း စိစစ်ရေးအဖွဲ့ဝင်များက ထောက်ခံတင်ပြထားပါတယ်”ဟု ပြောကြားသည်။
ဒုတိသမ္မတသုံးဦးမှာ ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရွေးကောက်ခံအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားသည့် ဒေါ်နန်းနီနီးအေး (ကရင်ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်-၁)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားသည့် ဦးညိုစော (ကိုးကိုးကျွန်း မဲဆန္ဒနယ်) တို့ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၆၀)၊ ပုဒ်မခွဲ(က)နှင့်(င)၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ(၄)၊ ပုဒ်မခွဲ(က)နှင့်(င)တို့နှင့်အညီ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့အသီးသီးက ရွေးချယ်တင်ပြထားသည့် ဒုတိယသမ္မသုံးဦးအနက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေးရွေးချယ်တင်မြောက်ရမည်ဖြစ်သည်။
သို့ဖြစ်၍ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၃၈ အရ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲကို ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ဧပြီ ၃ ရက်တွင် ပြုလုပ်မည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် လျှို့ဝှက်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ကြိုတင်ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။















