ရန်ကုန်မြို့ရှိ ဖုန်းအော်ပရေတာဆိုင်များတွင် ဆင်းကတ်ဝယ်ယူသူများနှင့် e Sim ပြောင်းမည့်သူများပြားသဖြင့် တန်းစီစောင့်ဆိုင်းနေရ

ရန်ကုန်မြို့ရှိ ဖုန်းအော်ပရေတာဆိုင်များတွင် ဆင်းကတ်ဝယ်ယူသူများနှင့် e Sim ပြောင်းမည့်သူများပြားသဖြင့် တန်းစီစောင့်ဆိုင်းနေရ
Published 31 March 2026

ရန်ကုန်မြို့ရှိ ဖုန်းအော်ပရေတာဆိုင်များတွင် ဆင်းကတ်ဝယ်ယူသူများနှင့် e Sim ပြောင်းမည့်သူများပြားသဖြင့် တန်းစီစောင့်ဆိုင်းနေရကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ဧပြီ ၁ ရက်မှစ၍ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ရှိ ခွင့်ပြု စာရင်းတွင် မပါရှိသည့် မိုဘိုင်းလက်ကိုင်ဖုန်း များ ရက်ပေါင်း ၃၀ အတွင်းသာ ယာယီအသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ယင်းယာယီအသုံးပြုမှု ကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်အပြီး မတ်လကုန်ပိုင်းမှ စတင်ကာ များပြားလာခြင်းဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့ မြန်မာပလာဇာရှိ ဖုန်းအော်ပရေတာဆိုင်များတွင် တန်းစီစောင့်ဆိုင်းသူများနှင့် ပြည့်နှက်နေသည်ဟု မြန်မာပလာဇာသို့ သွားရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။

“မြန်မာပလာဇာမှာရှိတဲ့ U9 ကောင်တာတွေရော MPT ကောင်တာတွေမှာရော လူတွေအပြည့်ပဲ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

မတ်လကုန်ပိုင်းမှ စတင်ကာ လာရောက်ဝယ်ယူသူများပြားလာခြင်းဖြစ်ကြောင်း၊ နေ့စဉ်လာဝယ်သူ ရာနှင့်ချီရှိနိုင်ကြောင်း မြန်မာပလာဇာတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

“လကုန်ပိုင်းမှာ များလာတာ။ နေ့တိုင်းဆိုင်ဖွင့်ပြီဆိုတာနဲ့ အဲ့ဒီကောင်တာတွေမှာလူတွေ တန်းစီဝယ်နေကြတာ။ နေ့တိုင်းနီးပါးပဲ” ဟု မြန်မာပလာဇာတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

Physical Sim မှ e Sim သို့ ပြောင်းလဲရန်အတွက် ဆိုင်သို့ သွားရန်မလိုအပ်ကြောင်း၊ အက်ပလီကေးရှင်းရှိပါက မိမိဖုန်းတွင် ကိုယ်တိုင်ပြုလုပ်နိုင်သည်ဟု U9 က ကြေညာထားသည်။

“ဆိုင်သွားစရာမလိုဘဲ U9 App ထဲမှာတင် ကိုယ်တိုင် Setup လုပ်နိုင်လို့ အရမ်းအဆင်ပြေတယ်။ SIM ကတ် ပျောက်မှာ၊ ပျက်မှာ စိုးရိမ်စရာမလိုတော့ဘဲ စမတ်ကျကျ သုံးနိုင်မယ်” ဟု U9 က ထုတ်ပြန်ထားသည်။

မိုဘိုင်းလက်ကိုင်ဖုန်းများနှင့် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးစက်ပစ္စည်းများကို ပြည်ပမှ တင်သွင်းလိုသည့်ကုမ္ပဏီများအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ကျသင့်အခွန်များကို ပေးဆောင်ပြီးပါက CERI စနစ်ရှိ ခွင့်ပြုစာရင်းတွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း၊ ဧပြီ ၁ ရက်မှစ၍ ခွင့်ပြုစာရင်းတွင်မပါရှိသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို မိုဘိုင်းဆက်သွယ်ရေး

ကွန်ရက်များနှင့် စတင်ချိတ်ဆက်အသုံးပြုချိန်မှ ရက်ပေါင်း ၃၀ အတွင်း ယာယီအသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ယင်းကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီမှ သိရသည်။

မိုဘိုင်းလက်ကိုင်ဖုန်းနှင့် ဖုန်းအမျိုးအစားအလိုက် ရင်းနှီးအမှတ်အသားကို ထည့်သွင်းပြီး အွန်လိုင်းမှတစ်ဆင့် ငွေပေးချေမှုနည်းလမ်းများဖြင့် ကျသင့်အခွန်နှင့် ဒဏ်ကြေးများကို ပေးဆောင်နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများ၌ အင်တာနက်ရရှိရန် ခက်ခဲသောဒေသများရှိ ပြည်သူများအတွက် အဆိုပါဒေသရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးများတွင်ဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာနရုံးများတွင်ဖြစ်စေ ကျသင့်အခွန်နှင့်ဒဏ်ကြေးများ ပေးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent