မန္တလေးတိုင်းလွှတ်တော်တွင် လုံခြုံရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာကော်မတီအပါအဝင် ကော်မတီသုံးခုထပ်မံဖွဲ့စည်းရန် မတ် ၃၀ ရက်က အမည်စာရင်းတင်သွင်းခဲ့ကြောင်း သတင်းရရှိသည်။
မတ် ၃၀ ရက်က မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယနေ့ကို ကျင်းပခဲ့ပြီး လုံခြုံရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာကော်မတီ၊ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာကော်မတီတို့ကို ထပ်မံဖွဲ့စည်းရန် ကော်မတီအသီးသီး၏ အဖွဲ့ဝင်ဦးရေ၊ကော်မတီဥက္ကဌ၊ အတွင်းရေးမှူးနှင့်ကော်မတီတို့၏အမည်စာရင်းတို့ကို လွှတ်တော်သို့တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါကော်မတီသုံးခု ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းပေးသွင်းနိုင်ကြောင်းကြေညာခဲ့သည်။
ထို့ပြင် လွှတ်တော်ဒုတိယနေ့က အမည်စာရင်းတင်သွင်းခဲ့သည့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၊တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာနှင့် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးဆိုင်ရာ ကော်မတီသုံးခု၏ အမည်စာရင်း၊ ကော်မတီ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များနှင့်သက်တမ်းတို့ကို လွှတ်တော်၏အတည်ပြုချက်ရယူပြီး ကော်မတီများကို ဖွဲစည်းကြောင်း ကြေညာခဲ့ကြောင်း ထပ်မံသိရသည်။
မန္တလေးတိုင်းဒေသကြီး တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ်လ၂ဝရက်နေ့က စတင်ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။















