အမေရိကန်၏ USS Tripoli အမည်ရှိ ကမ်းတက်တိုက်ခိုက်ရေးသင်္ဘောသည် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိလာပြီဖြစ်ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (Centcom) က မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ထိုသတင်းသည် အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့များ စေလွှတ်နိုင်ခြေရှိသည်ဆိုသည့် ခန့်မှန်းချက်များ မြင့်တက်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် ဂျပန်နိုင်ငံတွင် အခြေစိုက်လေ့ရှိသော အဆိုပါသင်္ဘောသည် မတ် ၂၇ ရက်ကတည်းက ဒေသတွင်းသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း Centcom က X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် ယင်းသင်္ဘောသည် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များနှင့် ရေတပ်သား စုစုပေါင်း ၃၅၀၀ ခန့် ပါဝင်သော တပ်ဖွဲ့ခွဲတစ်ခု၏ အဓိက ဦးဆောင်သင်္ဘော ဖြစ်သည်ဟုလည်း Centcom က မှတ်ချက်ပြုထားသည်။
အဆိုပါ ရေတပ်စစ်သင်္ဘောအုပ်စုတွင် သယ်ယူပို့ဆောင်ရေးနှင့် တိုက်ခိုက်ရေး လေယာဉ်များသာမက၊ ကမ်းတက်တိုက်ခိုက်ရေးနှင့် စစ်ဗျူဟာမြောက် အထောက်အကူပြု ပစ္စည်းများလည်း ပါဝင်ကြောင်း ဖော်ပြထားသည်။
Centcom ၏ X လူမှုမီဒီယာပို့စ်တွင် ဓာတ်ပုံလေးပုံ ပါဝင်ပြီး၊ ဓာတ်ပုံတစ်ပုံမှာ သင်္ဘောကုန်းပတ်ပေါ်တွင် Seahawk ရဟတ်ယာဉ် အစင်းအတော်များများ ရှိနေသည်ကို ပြသထားကာ၊ တပ်ဖွဲ့ဝင်များ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိသည့် Osprey လေယာဉ်အချို့ကိုလည်း တွေ့ရသည်။
အခြားဓာတ်ပုံတစ်ပုံတွင် F-35 တိုက်လေယာဉ်တစ်စင်းကို တွေ့ရသည်။
Ref:AFP
Photos- CENTCOM















