ဥရောပပြိုင်ပွဲတွေမှာ ပြင်သစ်ကလပ်တွေ အားသာချက်ပိုမိုရရှိဖို့အတွက် လန်းစ် - PSG၊ ဘရက်စ် - စထရာဘိုးပွဲများကို LFP ရွှေ့ဆိုင်းပေး

ဥရောပပြိုင်ပွဲတွေမှာ ပြင်သစ်ကလပ်တွေ အားသာချက်ပိုမိုရရှိဖို့အတွက် လန်းစ် - PSG၊ ဘရက်စ် - စထရာဘိုးပွဲများကို LFP ရွှေ့ဆိုင်းပေး
Photo: X
Photo: X
Published 27 March 2026

ပြင်သစ်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်(LFP)က ဥရောပပြိုင်ပွဲတွေမှာ ပြင်သစ်ကလပ်တွေ အားသာချက်ပိုမိုရရှိဖို့အတွက် ဧပြီဒုတိယပတ်မှာ ယှဉ်ပြိုင်ရမယ့် ပြင်သစ်လီဂူးပွဲစဉ် ၂၉ က လန်းစ် - PSG၊ ဘရက်စ် - စထရာဘိုးပွဲတွေကို ရွှေ့ဆိုင်းပေးခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်လီဂူးပွဲစဉ် ၂၉ က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှစ်ကျော့ ယှဉ်ပြိုင်ကစားရမယ့် ကာလအတွင်း ကျရောက်နေတာကြောင့် PSG အသင်းက ပွဲရွှေ့ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး LFP က လိုက်လျောခဲ့တာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ PSG အသင်းဟာ ကွာတားဖိုင်နယ်မှာ လီဗာပူးလ်အသင်းနဲ့ ဆုံတွေ့နေပြီး ဧပြီ ၈ မှာ ပထမအကျော့၊ ဧပြီ ၁၄ မှာ ဒုတိယအကျော့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လန်းစ်နဲ့ အမှတ်လုရမယ့် ပြင်သစ်လီဂူးပွဲစဉ်ကလည်း ဧပြီ ၁၁ မှာ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် PSG အသင်းက ပွဲရွှေ့ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး မေ ၁၃ မှာမှ ယှဉ်ပြိုင်ကစားဖို့  ရွှေ့ဆိုင်းပေးခဲ့ကြောင်း သိရပါတယ်။

PSG အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲစဉ်တုန်းကလည်း နန့်စ်နဲ့ ယှဉ်ပြိုင်ရမယ့် ပြင်သစ်လီဂူးပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ဖူးပြီး LFP ကလည်း လက်ခံခဲ့တာကြောင့် အဲဒီပွဲကို ဧပြီ ၂၂ မှ ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။

LFP ဟာ ဒီတစ်ကြိမ်မှာတော့ လန်းစ် - PSG ပွဲကိုသာမက ဘရက်စ် - စထရာဘိုးပွဲကိုလည်း ရွှေ့ဆိုင်းပေးခဲ့ပါတယ်။

စထရာဘိုးအသင်းကလည်း ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တက်ရောက်ထားပြီး ဧပြီ ၉၊ ၁၆ ရက်တွေမှာ မိန့်ဇ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် ဘရက်စ်နဲ့ပွဲကို ရွှေ့ ဆိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒီရာသီ ဥရောပပြိုင်ပွဲတွေမှာ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိနေတဲ့ ပြင်သစ်ကလပ်ကလည်း PSG နဲ့ စထရာဘိုး နှစ်သင်းသာရှိတော့ပါတယ်။

PSG နဲ့ စထရာဘိုးတို့က ကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက် အကောင်းဆုံးပြင်ဆင်နိုင်ဖို့ တောင်းဆိုမှုကို မိမိတို့ ဘုတ်အဖွဲ့ လက်ခံပေးခဲ့ခြင်းဖြစ်ကြောင်း၊ UEFA ရဲ့ အဆင့်သတ်မှတ်ချက်မှာ  အဆင့် ၅ နေရာ ဆက်ရှိဖို့က မိမိတို့ရဲ့ ရည်မှန်းချက်ဖြစ်ကြောင်း LFP က ကြေညာခဲ့ပါတယ်။

Most Read

Most Recent