တောင်ငူမြို့တွင် စက်သုံးစီ တန်းစီဝယ်ယူသူ များလာပြီး ဆီဆိုင်အချို့သာ ရောင်းချပေးနေသဖြင့် အဆင်မပြေမှုများကြုံတွေ့နေရ

တောင်ငူမြို့တွင် စက်သုံးစီ တန်းစီဝယ်ယူသူ များလာပြီး ဆီဆိုင်အချို့သာ ရောင်းချပေးနေသဖြင့် အဆင်မပြေမှုများကြုံတွေ့နေရ
Published 26 March 2026

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စက်သုံးဆီတန်းစီဝယ်ယူကြသူများ နေ့စဉ်ပိုများလာပြီး မြို့ပေါ် ဆီဆိုင်အနည်းငယ်သာ နံနက်ပိုင်း၊ ညနေပိုင်း တစ်နေကုန်အား အချိန်အကန့်အသတ်ဖြင့် ရောင်းချပေးနေသဖြင့်  စက်သုံးဆီဝယ်ယူရန် အဆင်မပြေမှုများကြုံတွေ့နေရကြောင်း မြို့ခံများထံမှသိရသည်။

ဆီဆိုင်အချို့သာ နံနက်ပိုင်း ညနေပိုင်း တစ်နေကုန်ရောင်းချပေးသည့်အခြေအနေနှင့်ပတ်သက်ပြီး“တောင်ငူမှာ ရွှေဝါ ဆီဆိုင်နဲ့ နီလာရိုးမ ဆီဆိုင်တို့လောက်ပဲ မနက်ပိုင်းရော ညနေပိုင်းရော တစ်နေကုန်ဆီရောင်းပေးတာတွ့တယ် ၊ သူတို့လည်း အချိန်ပိုင်းနဲ့ပဲရောင်းပေးနေတာ အဲ့လိုတစ်နေကုန်ရောင်းပေးတဲ့ဆီဆိုင်ကနည်းပြီး တစ်နေ့တစ်နေ့ ဆီထုတ်ဖို့တန်းဆီနေတဲ့လူကများနေတာ၊ တစ်နေကုန် ရောင်းပေးတဲ့ဆီဆိုင်ကလည်းနည်း အချိန်အကန့်အသတ်နဲ့လည်းရောင်းပေးနေကြတာဆိုတော့ ဆီထုတ်ဖို့တန်းစီရတာ အဆင်မပြေဘူး၊ တန်းစီတဲ့သူကများနေတော့ သူတို့ဆီဆိုင်က အရောင်း ပိတ်ချိန်ရောက်လို့ အရောင်းပိတ်လိုက်ပြီဆိုရင် တန်းစီနေရင်းတန်းလန်းကနေ ဆီမထုတ်ရပဲနဲ့ပြန်လာရတော့တာပဲ၊ တစ်ခြားဆီဆိုင်တွေမှာ ဆီသွားထုတ်ရင်လည်း ဆီကားမရောက်သေးလို့ ဆီပြတ်နေလို့ဆိုပြီး ပြန်လွှတ်လို့ ဆီမရပဲ ပြန်လာရတာများပါတယ်”ဟု တောင်ငူမြို့ခံတစ်ဦးကပြောကြားသည်။

လတ်တလောတွင် တောင်ငူမြို့ ရွှေဝါ ဆီပန့်ဆိုင်မှ နံနက်ပိုင်းဆီထုတ်ချိန်အား နံနက် ၇ နာရီမှနံနက် ၁၁ နာရီခွဲအထိလည်းကောင်း ၊ ညနေပိုင်းဆီထုတ်ချိန်အား နေ့လည် ၁ ရီမှ ညနေ ၆ နာရီအထိလည်းကောင်း  ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် နေ့စဉ် နံနက် ၇ နာရီခွဲမှ နံနက် ၉ နာရီအထိလည်းကောင်း  အချိန်အကန့်အသတ်ဖြင့် စက်သုံးဆီများ ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။



ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဆီထုတ်ပေးရန် နံနက် ၇ နာရီခွဲမှ နံနက် ၉ နာရီအထိ သတ်မှတ်ထားသော်လည်း ဆီထုတ်ပေးရန်သတ်မှတ်ချိန် နည်းပါးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဆီထုတ်ရန်အဆင်မပြေဖြစ်နေကြောင်းလည်းသိရသည်။

ယင်းအခြေအနေနှ့ပတ်သက်ပြီး ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက"တောင်ငူအနောက်ဘက် ရွှေဝါဆီပန့်မှာ အစိုးရဝန်ထမ်းများအား နေ့စဉ် နံနက် 7:30 am မှ 9:00 ထိ ဆီ​ရောင်းပေးမည်ဆိုပြီး ယနေ့ 26.3.2026 ရက်နေ့တွင် 8:20 တွင် ကြိုးတန်းပစ်ပြီး 8:20 နောက်ပိုင်းမှရောက်လာသော အစိုးရဝန်ထမ်းဆိုင်ကယ်များအားဆီမထည့်ပေးတော့ပါ၊ အစိုးရဝန်ထမ်းများအား ဆီထည့်ပေးချိန်အား နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နှစ်ကြိမ်ခွဲပေးလျှင်ပိုအဆင်ပြေပါတယ်၊ သက်ဆိုင်ရာလူကြီးမင်းများ အဆင်ပြေအောင်ဖြေရှင်းပေးကြပါအုံးခင်ဗျ"ဟု လူမှုကွန်ယက်တွေ ပို့စ်တင်ရေးသားခဲ့ကြောင်းသိရသည်။



တောင်ငူမြို့ ရွေဝါ ဆီပန့်တွင် စုံ/မ ရက်အလိုက် ဆီလာထုတ်သော ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၁၀၀၀၀ ဖိုး ရောင်းချပေးနေပြီး မတ်လ ၂၆ ရက်နေ့စျေးနှုန်းအရ ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၄၅၀၀ ဝန်းကျင်နှုန်းဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။



ဇော်ဝင်းချစ်(တောင်ငူ)

Most Read

Most Recent