တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို မတ် ၁၆ ရက် နံနက်တွင် စတင်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းအား ရွေးချယ်တင်မြှောက်ခဲ့သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌ မရွေးချယ်မီ အစည်းအဝေးအား ကြီးကြပ်ရန် အစည်းအဝေးသဘာပတိအဖြစ် လဲချားမဲဆန္ဒနယ်မှ စိုင်းစိန်ဝင်းနှင့်ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာကျော်စွာ တို့ကို အဆိုပြုတင်သွင်းကြသဖြင့် အဆိုပြုခံရသူနှစ်ဦးဖြစ်နေသောကြောင့် စက်ခလုပ်သုံး၍ မဲပေးရွေးချယ်ခြင်းပြုလုပ်ခဲ့သည်။
ထို့နောက် သဘာပတိအဖြစ် ဆောင်ရွက်ရန်အတွက် ဆန္ဒမဲပေးကြရာတွင် ဒေါက်တာနန္ဒာကျော်စွာက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦးအနက် ထောက်ခံဆန္ဒမဲ ၃၄၈ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၉ မဲ၊ ကြားနေဆန္ဒမဲ ၁၀ မဲ ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းစိန်ဝင်းက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦးအနက် ထောက်ခံဆန္ဒမဲ ၂၈ မဲ၊ ကန့်ကွက်ဆန္ဒမဲ ၂၈၃ မဲ၊ ကြားနေဆန္ဒမဲ ၂၂ မဲ ရရှိခဲ့သဖြင့် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာကျော်စွာအား အစည်းအဝေး သဘာပတိအဖြစ်ရွေးချယ်တက်မြှောက်ခဲ့သည်။
ထို့နောက် လွှတ်တော်အစည်းအဝေးသဘာပတိက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ပြည်သူ့လွှတ်တော် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ရီအား ရပ်စောက်မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပွင့်ဆန်းက အဆိုပြုပြီး ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ထောက်ခံ၍ အဆိုပြုလွှာတင်သွင်းခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ယှဉ်ပြိုင်ဘက်မရှိဘဲ အဆိုပြုလွှာတစ်စောင်သာရှိသဖြင့် လွှတ်တော်အစည်းအဝေး သဘာပတိက ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ရီအား ရွေးချယ်တင်မြှောက်ကြောင်း ကြေညာခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခင်ရီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဖြစ်သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ရာတွင် တပ်ကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းအား စစ်ကိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသက်ပုံက အဆိုပြုပြီး ပုဗ္ပသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ထောက်ခံ၍ အဆိုပြုလွှာတင်သွင်းခဲ့သည်။
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌအဖြစ် ယှဉ်ပြိုင်ဘက်မရှိဘဲ အဆိုပြုလွှာတစ်စောင်သာရှိသဖြင့် လွှတ်တော်အစည်းအဝေး သဘာပတိက ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းအားအား ရွေးချယ်တင်မြှောက်ကြောင်း ကြေညာခဲ့သည်။
ဦးမောင်မောင်အုန်းသည် ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ထမ်းဆောင်နေသူဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆက်လက်ဆောင်ရွက်ပြီးနောက် ပြည်သူ့လွှတ်တော်အစည်းအဝေး သဘာပတိက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်လွှဲအပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့ကို ရပ်နားခဲ့သည်။
ထို့ပြင် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးများကို မတ် ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့ကို ရွေးချယ်တင်မြှောက်မည်ဖြစ်သည်။















