၂၀၂၆ အော်စကာဆုပေးပွဲတွင် One Battle After Another က အကောင်းဆုံးဇာတ်ကားဆုအပါအဝင် အော်စကာခြောက်ဆု ဆွတ်ခူးး
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့တွင် မတ် ၁၅ ရက်ညပိုင်းက ကျင်းပပြုလုပ်သည့် ၉၈ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် လီယိုနာဒို ဒီကာပရီယို ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားသည့် One Battle After Another က အကောင်းဆုံးဇာတ်ကားဆု ၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ၊ အကောင်းဆုံး ဒါရိုက်တာဆု (ပေါလ်သောမတ်စ်အန်ဒါဆင်) ၊ အကောင်းဆုံး မှီငြမ်းဇာတ်ညွှန်းဆု၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုနှင့် အကောင်းဆုံး လူရွေးချယ်မှုဆုအပါအဝင် အော်စကာဆုခြောက်ဆု သိမ်းကြုံးရယူသွားသည်။
Dolby Theatre ၌ကျင်းပခဲ့သည့် အဆိုပါပွဲတွင် အစီအစဉ်မှူးအဖြစ် ဟာသသရုပ်ဆောင် ကိုနန်အိုဘရိုင်ယန်က နှစ်နှစ်ဆက်တိုက် တာဝန်ယူခဲ့သည်။အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို Hamnet ဇာတ်ကားမှ ဂျက်ဆီဘက်ကလီက ဆွတ်ခူးခဲ့ပြီး အမျိုးသားဇာတ်ဆောင်ဆုကို Sinners ဇာတ်ကားမှ မိုက်ကယ်ဘီဂျော်ဒန်က ရခဲ့သည်။
ဒါရိုက်တာ ရိုင်ယန်ကူဂလာ၏လက်ရာ Sinners ဇာတ်ကားက ယခုနှစ် အော်စကာဆုဆန်ခါတင်စာရင်းတွင် ၁၆ ဆုအထိ စံချိန်တင်အဆိုပြုခံခဲ့ရပြီး အကောင်းဆုံး မူရင်းတေးဂီတဆု ၊ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆုတို့လည်းရခဲ့ကာ အော်စကာဆုလေးဆု ယူနိုင်ခဲ့သည်။
အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို Weapons ဇာတ်ကားမှ အေမီမက်ဒီဂန်က လည်းကောင်း ၊ အမျိုးသားဇာတ်ပို့ဆုကို One Battle After Another မှ ရှောန်ပန်းကလည်းကောင်း ရယူခဲ့ကာ အကောင်းဆုံး အန်နီမေးရှင်းဇာတ်ကားဆုကို K-Pop Demon Hunters ကရရှိခဲ့သည်။
Sentimental Value (နော်ဝေ)က အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်ဆုအတွက် ရွေးချယ်ခံရပြီး အကောင်းဆုံး မှတ်တမ်းတင်ရုပ်ရှင်ဆုကို Mr. Nobody Against Putin က ချီးမြှင့်ခံရသည်။
အကောင်းဆုံး မူရင်းတေးသီချင်းဆုကို K-Pop Demon Hunters ဇာတ်ကားမှ Golden သီချင်းက ရသွားပြီး အကောင်းဆုံး အသံဆုကို F1 ဇာတ်ကားကလည်းကောင်း ၊ အကောင်းဆုံး အထူးပြုလုပ်ချက်ဆုကို Avatar: Fire and Ash ကလည်းကောင်း ရရှိခဲ့သည်။
အကောင်းဆုံး မိတ်ကပ်နှင့် ဆံပင်စတိုင်ဆု ၊ အကောင်းဆုံး အနုပညာဖန်တီးမှု ဒီဇိုင်းဆုနှင့် အကောင်းဆုံး ဝတ်စုံဒီဇိုင်းဆုတို့ကို Frankenstein ဇာတ်ကားက သိမ်းပိုက်ခဲ့သည်။









