စီးရီးဘီကလပ် စီဆီနာအသင်းရဲ့နည်းပြအဖြစ် အက်ရှ်လေကိုးလ် ခန့်အပ်ခံရ

စီးရီးဘီကလပ် စီဆီနာအသင်းရဲ့နည်းပြအဖြစ် အက်ရှ်လေကိုးလ် ခန့်အပ်ခံရ
Photo: X
Photo: X
Published 16 March 2026

အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်း အက်ရှ်လေကိုးလ်ဟာ စီးရီးဘီကလပ် စီဆီနာအသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။

အသက်(၄၅)နှစ်ရှိပြီဖြစ်တဲ့ အက်ရှ်လေကိုးလ်ဟာ ရိုးမား၊ LA ဂလက်ဆီနဲ့ ဒါဘီအသင်းတွေမှာလည်း ကစားခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်မှာ ကစားသမားဘဝက အနားယူပြီးနောက် နည်းပြဘဝကို ကူးပြောင်းခဲ့ပေမဲ့ နည်းပြအဖွဲ့ဝင်၊ လက်ထောက်နည်းပြတွေအဖြစ်သာ ဆောင်ရွက်ခဲ့ပြီး အခုမှ နည်းပြအဖြစ် စတင်ဆောင်ရွက်ခွင့်ရခြင်းဖြစ်ပါတယ်။

စီးရီးဘီအမှတ်ပေးဇယား အဆင့်(၈)နေရာမှာ ရပ်တည်နေတဲ့ စီဆီနာအသင်းက အီတလီနည်းပြ မစ်ဂ်နန်နီကို ရာထူးက ထုတ်ပယ်ပြီး အက်ရှ်လေကိုးလ်ကို ရာသီကုန်အထိ ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

စီးရီးဘီမှာက အဆင့်(၈)နေရာရရှိတဲ့အသင်းအထိ တန်းတက်ခွင့်အတွက် ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်တာကြောင့် အက်ရှ်လေကိုးလ်အနေနဲ့ အဆင့်(၈)အောက်မရောက်အောင် စွမ်းဆောင်ပေးရဖွယ်ရှိကြောင်း သိရပါတယ်။

စီဆီနာအသင်းက အက်ရှ်လေကိုးလ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကို ကြိုဆိုကြောင်းနဲ့ စွန့်စားခန်းအသစ်မှာ အကောင်းဆုံးကံတရားရရှိဖို့ ဆန္ဒပြုကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

Most Read

Most Recent