ထိုင်းနိုင်ငံ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်၊ မဟာဝန်ကျေးရွာအုပ်စု အမှတ်(၅) ရပ်ကွက်တွင် မတ် ၁၀ ရက် ညနေ ၄ နာရီခန့်က တရားမဝင်စက်သုံးဆီ သိုလှောင်ပြီး ပြည်ပနိုင်ငံသို့ ခိုးထုတ်ရန် ပြင်ဆင်နေစဉ် သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး Mr. Kanpong Pipatmontreekul ဦးဆောင်သော စစ်တပ်၊ ရဲတပ်ဖွဲ့ (Siam Police)၊ အမှတ် ၃၄၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ မဟာဝန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်သောအဖွဲ့စုံပူးပေါင်းအဖွဲ့က သတင်းပေးတိုင်ကြားချက်အရ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ပြီ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် အဆိုပါနေရာ၌ တရားမဝင် စက်သုံးဆီ သိုလှောင်ထားခြင်းနှင့် ပြည်ပသို့ ခိုးထုတ်ရန် ပြင်ဆင်နေသည်ကို တွေ့ရှိခဲ့ရပြီး စစ်ဆေးချက်အရ ဒီဇယ်ဆီ ၂၀၀ လီတာဆံ့ ပီပါ ၄၆ လုံး: စုစုပေါင်း ၉၂၀၀ လီတာ၊ ၁၀၀၀ လီတာဆံ့ ဆီကန် တစ်လုံး (အလွတ်)၊ ၁၀၀၀ လီတာဆံ့ ဆီကန် တစ်လုံး (ဆီ ၆၀၀ လီတာ ပါရှိသည်)၊ စုစုပေါင်း သိမ်းဆည်းရမိသော ဒီဇယ်ဆီ ၁၀၈၀၀ လီတာ၊ ဆီတင်ယာဉ် တစ်စီး ဆီလီတာ ၁၆၀၀၀ ခန့် တင်ဆောင်ရန် ပြင်ဆင်နေစဉ်အတွင်း ဖမ်းဆီးရမိသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
မဲဆောက်မြို့နယ် အာဏာပိုင်များသည် စက်သုံးဆီများ တရားမဝင် သိုလှောင်ခြင်းနှင့် အိမ်နီးချင်းနိုင်ငံသို့ ခိုးထုတ်ရောင်းချခြင်းတို့ကို တားဆီးကာကွယ်ရန်အတွက် ယခုကဲ့သို့ တင်းတင်းကျပ်ကျပ် စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိတွင် သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများအားလုံးကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပြီး ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသောသတင်းများအရ သိရသည်။
Ref- Thai News















