မော်လမြိုင်မြို့၊ သံလွင်မြစ်ကမ်းဘေးတွင် (၆) ကျော်ကြာ ရေနစ်မြှုပ်နေသည့် ထီးလှိုင်ရှင်သင်္ဘောပြန်လည်ဆယ်ယူနေသည့် လုပ်ငန်း (၇၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာနထံမှ သိရသည်။
ထီးလှိုင်ရှင်သင်္ဘောပြန်လည်ဆယ်ယူရေးလုပ်ငန်းအား (၂၀၂၅) ခုနှစ် ဩဂုတ်လ (၁) ရက်နေ့မှစတင်ကာလုပ်ဆောင်ခဲ့ကြောင်း ၊ သင်္ဘောဆယ်ယူရေးလုပ်ငန်းများအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းကီရိယာများ စုစည်းကာ စမ်းသပ်ခြင်း နှင့် နစ်မြှုပ်နေသည့် သင်္ဘော၏ အနေအထားအား စူးစမ်းခြင်းများလုပ်ဆောင်ခဲ့ကြောင်း ရေမြှုပ်နေသည့် သင်္ဘော ရေစီးနှင့် မျောပါသွားခြင်းမရှိအောင် ဆိုင်းကြိုးများနှင့် ချည်နှောင်ခြင်း၊ သင်္ဘောထဲသို့ ရေဆင်းငုတ်သူများ အတက်အဆင်းအဆင်ပြေစေရန် ကြိုးများဖြင့် လမ်းကြောင်းလုပ်ခြင်း၊ Pilot ကြိုးများဆိုင်းခြင်း၊ သင်္ဘောဝမ်းပေါက်နေသည့်နေရာများအား ပြန်လည်ဖာထေးခြင်း၊ လေအိုးများ၊ တိုင်ကီများထိုးကာ သင်္ဘောကြွလာအောင်လုပ်ဆောင်ခြင်း၊ ကမ်းနားဘက်ရေတိမ်သည့်နေရာသို့ တဖြည်းဖြည်းချင်းရွေ့ယူကာ ရေများနှင့် နှုံးများစုပ်ထုတ်ခြင်၊ သင်္ဘောအား မှောက်ခုံအနေအထားကနေ ပက်လက်အနေအထားမျိုးပြန်ဖြစ်အောင်လုပ်ဆောင်ခြင်း စသည်ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့်အား လုပ်ဆောင်ခဲ့ရကြောင်း ပြည်တွင်းရေကြာင်းပို့ဆောင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ရေနစ်မြှုပ်နေသည့် ထီးလှိုင်ရှင်သင်္ဘောအား ရေစူးတိမ်သည့်နေရာသို့ တဖြည်းဖြည်းဆွဲယူကာ သင်္ဘောဝမ်းကွဲနေသည့်နေရာများအား ဖာထေးခြင်း၊ ရေများစုပ်ထုတ်ခြင်း၊ နှုံးများဖယ်ထုတ်ခြင်း လုပ်ငန်းများလုပ်ဆောင်နေကြောင်း နှင့် သင်္ဘောတစ်စီးလုံးရေပေါ်သို့ ပေါ်လာချိန်တွင် မုတ္တမဘက်ကမ်းရှိ သံလွင်သင်္ဘောကျင်းသို့ ဆွဲယူသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ထီးလှိုင်ရှင်သင်္ဘောပြန်လည်ဆယ်ယူနိုင်ရေးအတွက်ကို လုပ်ငန်းစဉ်အဆင့်ဆင့်လုပ်ဆောင်လာတာ သင်္ဘောနစ်မြှုပ်ခဲ့တဲ့ မော်လမြိုင်မြို့၊ ကမ်းနားလမ်း ထားဝယ်ဆိပ်ခံတံတားကနေအခုဆိုရင် မော်လမြိုင်မြို့ ကမ်းနားလမ်း Stream Hotel အနီး မြစ်ကမ်းနားအထိကို တဖြည်းဖြည်းချင်းဆွဲယူနိုင်ခဲ့ပါ။ သင်္ဘောရဲ့တချို့အစိတ်အပိုင်းတွေလည်း ပြန်ဖေါ်နိုင်ပြီးဖြစ်ပါတယ်။ သင်္ဘာကို ဆွဲယူနိုင်ဖို့အတွက်က မြစ်ကြောင်းမြေပြင်အနေအထားကလည်း ပြေပြစ်မှုရှိနေဖို့လည်း လိုအပ်ပါတယ်။ အဲ့ဒါမှလည်း လိုအပ်သလို ပြုပြင်မှုတွေလုပ်ဆောင်လို့ရမှာဖြစ်ပါတယ်။ ဒီနေ့ (မတ်လ (၉) ရက်) မှာဆိုရင် ကမ်းနားလမ်း အတ္ထရံဟိုတယ်နားအထိကို ဆွဲယူသွားနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အဲ့ဒီနေရာက မြစ်ကြောင်းမြေပြင်အနေအထားက ပြေပြစ်မှုအရှိဆုံးနေရာဖြစ်လို့ အဲ့ဒီနေရာအထိကို ဆွဲယူပြီးတော့ ပြုပြင်မှုတွေလုပ်ဆောင်သွားမှာပါ။ သင်္ဘောတစ်စီးလုံး ပေါ်သွားရင်တော့ သံလွင်သင်္ဘောကျင်းကို ဆွဲယူသွားမှာပါ” ဟု ပြောကြားသည်။
ထီးလှိုင်ရှင်သင်္ဘော ရေနစ်မြှုပ်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၎င်းသင်္ဘောအား ပြန်လည်ဆယ်ယူနိုင်ရေးလုပ်ငန်းများ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရာသီဥတုပြင်းထန်သည့် နေ့များမှလွဲ၍ နေ့စဉ်လိုလိုလုပ်ဆောင်ခဲ့ရာမှ ယခုကဲ့သို့အခြေအနေမျိုးရောက်ရှိလာခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၁) ရက် နံနက်အစောပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် သင်္ဘောဝမ်းဗိုက်နှင့် ဆိပ်ကမ်းဘောတံတားတို့တိုက်မိရာမှ ဆွေးနေသည့် သင်္ဘောဝမ်းဗိုက်ပေါက်ကာ နစ်မြှုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထီးလှိုင်ရှင်သင်္ဘော ရေနစ်မြှုပ်သွားသည့် ထားဝယ်ဆိပ်ခံဘောတံတားမှာ ရေအနက်ပေ (၃၀)ခန့်ရှိကြောင်းလည်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာနထံမှ သိရသည်။
ထို နစ်မြှုပ်သွားသည့် ထီးလှိုင်ရှင်သင်္သောအား သံလွင်မြစ်ကြောင်းအတွင်း အပျော်စီးသင်္ဘော အဖြစ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား လုပ်ကိုင်ခွင့်ပေးထားသော်လည်း မိုးရာသီကာလဖြစ်သည့်အတွက် လုပ်ငန်းများ ရပ်နားထားကြောင်းလည်း သိရသည်။
၎င်းထီးလှိုင်ရှင်သင်္ဘောမှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဧရာဝတီရေကြောင်း၊ သံလွင်ဌာနခွဲပိုင် နှစ်ထပ်ဇက်ရေယာဉ်အမျိုးအစားဖြစ်ကြောင်း သိရသည်။
ဘိုဘိုမြင့်















