အရက်နှင့် ယစ်မျိုးသက်ဝင်ပစ္စည်းများအား ဈေးလျှော့ရောင်းခြင်း၊ ကြော်ငြာချိတ်ဆွဲခြင်း၊ နမူနာပေးကမ်းခြင်းနှင့် ကံစမ်းမဲအစီအစဉ်များကို မပြုလုပ်ရန် တားမြစ်ချက်များပါဝင်သည့် ယစ်မျိုးဥပဒေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက မတ် ၇ ရက် ရက်စွဲဖြင့် ပြဌာန်းကြောင်း သိရသည်။
ယင်းဥပဒေကို ယစ်မျိုးဥပဒေဟု ခေါ်တွင်စေရမည်ဖြစ်ပြီး ယစ်မျိုး ဆိုသည်မှာ အရက်နှင့် ယစ်မျိုးသက်ဝင်ပစ္စည်းကို ဆိုလိုကြောင်း ပါရှိသည်။
အဆိုပါယစ်မျိုးဥပဒေတွင် အခန်း ၁၈ ခန့်နှင့် ပုဒ်မ ၉၉ ခုပါဝင်သည်။
ဥပဒေ၏ အခန်း ၁၆ ပုဒ်မ ၆၈ တွင် သာသနာ့ဝန်ထမ်း၊ စိတ်ပေါ့သွပ်သူ၊ အသက် ၁၈ နှစ်မပြည့်သူ၊ နည်းဥပဒေဖြင့် သတ်မှတ်ထားသူများကို မည်သူမျှ အရက်ကို ရောင်းချခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုလုပ်ရဟု ပါရှိပြီး ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၂၀ မှ အများဆုံးကျပ်သိန်း ၅၀ ထိ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။
ဥပဒေ၏ အခန်း ၁၆ ပုဒ်မ ၆၉ တွင် မည်သူမျှ အရက် သို့မဟုတ် ယစ်မျိုးသက်ဝင်ပစ္စည်းကို အလိုအလျောက်အရောင်းစက်ဖြင့် ရောင်းချခြင်း မပြုရ၊ သောက်သုံးမည့် အများပြည်သူထံ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း မပြုရ၊ ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်း၊ ရေးဆွဲဖော်ပြ၍ကြော်ငြာခြင်း၊ ကြော်ငြာချိတ်ဆွဲခြင်း၊ ကြော်ငြာကပ်ခြင်း၊ ကြော်ငြာလက်ကမ်းစာရွက်ဝေငှခြင်း သို့မဟုတ် အခြားတစ် နည်းနည်းဖြင့် ကြော်ငြာခြင်း မပြုရ၊ အရောင်းပမာဏမြင့်တက်စေရန် ပုံမှန်ဈေးနှုန်းအောက်လျှော့ချခြင်း၊ နမူနာပေးကမ်း ခြင်း၊ ကံစမ်းမဲအစီအစဉ်ပြုလုပ်ခြင်း သို့မဟုတ် ဝယ်ယူမှုအပေါ် အပိုဆောင်း လက်ဆောင် ပေးကမ်းခြင်းဖြင့် ရောင်းချခြင်း မပြုရဟုပါရှိပြီး ယင်းတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၁ဝဝ မှ အများဆုံး ကျပ်သိန်း ၃၀၀ ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။
အခန်း ၁၆ ပုဒ်မ ၇၀ တွင် ယစ်မျိုးလိုင်စင်ရရှိသူမှတစ်ပါး မည်သူမျှ ပုဒ်မ ၃၅ အရ သတ်မှတ်သော အရေအတွက်၊ ပမာဏ ထက်ပိုသောအရက်ကို လက်ဝယ်ထားခြင်းမပြုရဟု ပါရှိပြီး ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် သိန်း ၂ဝ မှ အများဆုံး ကျပ် သိန်း ၅၀ ထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။















